ပြည်တွင်းအခွန်များ ဦးစီးဌာနက တစ်စောင်လျှင် ၂၀၀ ကျပ်ဖြင့်
ရောင်းချနေသော်လည်း
ပြင်ပဈေးကွက်တွင် ထက်ဝက်ကျော် ဈေးတင်
ရောင်းချနေသည့်
အောင်ဘာလေထီ စနစ်ကို ကွန်ပျူတာသုံး ထီစနစ်
(Computerized Lottery) သို့ ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း
ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ
လင်းအောင်က ပြောကြားသည်။
ကွန်ပျူတာသုံး ထီစနစ်ကို အကောင်အထည် ဖော်နိုင်ပါက ထီစောင်ရေ အရေအတွက်
ကန့်သတ်မှုနှင့် တန်ဖိုးတိုးမြှင့်မှု မရှိဘဲ ရောင်းချနိုင်မည် ဖြစ်ပြီး
ပြင်ပဈေးနှုန်း ကြီးမြင့်နေမှုကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း
ဒေါက်တာလင်းအောင်က ထပ်မံပြောကြားသည်။
အောက်တိုဘာလ ၁၁ ရက်နေ့က
ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးဝင်းမြင့်၏ အောင်ဘာလေသိန်းဆု လက်မှတ် ပြင်ပရောင်းဈေးမှာ
၅၀ ရာခိုင်နှုန်းခန့် ကြီးမြင့်နေသည်ကို ပြုပြင်ရန် အစီစဉ်ရှိ မရှိ
မေးခွန်းနှင စပ်လျဉ်း၍ ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
အစိုးရက ၁၁ စောင်ပါ ထီလက်မှတ် တစ်အုပ်ကို ကျပ်နှစ်ထောင်ဖြင့်
ရောင်းချသော်လည်း ထီရောင်းချသူ လုပ်ငန်းရှင်များက အခြားကုန်ကျစရိတ်များ
ထပ်ပေါင်း ထည့်ထားသဖြင့် ထီတစ်စောင်လျှင် ၂၀၀ ကျပ်ထက်
ပိုမိုရောင်းချနေခြင်း ဖြစ်ပြီး အဆိုပါ အခြေအနေ များကို ပြင်ဆင်ရန်
နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ကွန်ပျူတာသုံး ထီစနစ်ကို လေ့လာနေကြောင်း
၎င်းကထပ်လောင်း ပြောကြားသည်။
“ကွန်ပျူတာသုံး ထီစနစ်ကို လုပ်ပေးနိုင်မယ့် လုပ်ငန်းရှင်တွေလည်း လာဆွေးနွေးနေတာ ရှိပါတယ်” ဟု ဒေါက်တာ လင်းအောင်က ဆိုသည်။
“သိသလောက်တော့ ကွန်ပျူတာစနစ်က လူနဲ့ရွေးတာထက် ကုန်ကျစရိတ် ပိုသက်သာတယ်
ပိုမြန်တယ်လို့ ပြောတယ်။ ဒါပေမဲ့ အရေးကြီးတာ ဟက်ကာတွေရဲ့ ရန်ကို
ထည့်စဉ်းစားရမယ်။ နောက်ပြီး ကွန်ပျူတာစနစ်ဆိုတာ လူဖန်တီးတာဖြစ်လို့
ဂဏန်းကို တွက်ချက် မရဘူးလို့ အာမခံနိုင်ပါ့မလား” ဟု စင်ကာပူနိုင်ငံ အိုင်တီ
လုပ်ငန်းတစ်ခု၌ သွားရောက်အလုပ် လုပ်ကိုင်နေသူ အင်ဂျင်နီယာတစ်ဦးက
ရှင်းပြသည်။
အစိုးရ ထီလက်မှတ်များကို ပြင်ပဈေးကွက်တွင်
ထီတစ်စောင် ကျပ် ၂၅၀၊ ကျပ် ၃၀၀ စသဖြင့် ဈေးအမျိုးမျိုးဖြင့်
ရောင်းချနေကြောင်း၊ အစိုးရထံမှ လက်မှတ်ကို လုပ်ငန်းရှင်များကိုသာ ကန့်သတ်
ဝယ်ယူ ခွင့်ပြုနေခြင်းကို ပြင်ဆင်သင့်ကြောင်း မကွေးမြို့၌ ထီရောင်းချနေသူ
ဦးမောင်အေးက ပြောဆိုသည်။
အစိုးရ၏ အောင်ဘာလေထီ စနစ်တွင် လစဉ်
ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည် ခွဲဝေပေးပြီး ထီလက်မှတ်
ရောင်းရငွေ ၄၀ ရာခိုင်နှုန်းနှင့် လာရောက် ထုတ်ယူမှု မရှိသည့် ပေါက်မဲဆု
များကို နိုင်ငံတော် အခွန်ဘဏ္ဍာအဖြစ် ရယူနေခြင်း ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment