ဘာသာရေး၊ လူမျိုးရေးဆန်ဆန် ပဋိပက္ခများ ဖြစ်ပွားရခြင်းသည် ကော လာဟ လ
သွေးထိုးလှုံ့ဆော်မှုများကြောင့်သာဖြစ်ပြီး အချို့ထင်မြင်နေ သကဲ့သို့ ၉၆၉ အယူဝါဒ လှုံ့ဆော်မှုကြောင့် ဖြစ်ပွားရခြင်းမဟုတ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောသည်။
““နိုင်ငံတွင်းဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ လူမျိုးရေး၊ စီးပွားရေးပေါ်မှာ
အခြေခံပြီး ဖြစ်ပွားခဲ့တဲ့အပေါ် ဘာသာရေးအမြတ်ထုတ်ပြီး ဆောင်ရွက်ခဲ့ ကြတဲ့
ဖြစ်စဉ်တွေ ဖြစ်ပါတယ်။ တချို့ထင်မြင်ယူဆနေသလို ၉၆၉ ဆိုတာနဲ့
လှုံ့ဆော်တာမဟုတ်ဘူးဆိုတာ ပြောလိုပါတယ်”” ဟု ဦးဆန်းဆင့် က အောက်တိုဘာ ၆
ရက်တွင် ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့၌
ကျင်းပပြုလုပ်သည့် ကံကျောင်းဆရာတော် ဘဒ္ဒန္တသံဝရ၏ (၉၇) နှစ်ပြည့် အထိမ်းအမှတ်
ပူဇော်ပွဲသို့ တက်ရောက်လာကြသော ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန် ဘာသာဝင်များ၊
အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင် များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း
ပြောကြားခြင်းဖြစ်သည်။
ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည်
မိသားစုအချင်းချင်း ရန်ဖြစ်ကြ သည့် ဖြစ်စဉ်ကဲ့သို့သာဖြစ်ပြီး မကြာမီကာလတွင်
ပြန်လည်တည်ငြိမ်အေး ချမ်းသွားမည်ဟု မိမိအနေဖြင့် ယူဆကြောင်း ဦးဆန်းဆင့်က
ပြောသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ရေးလုပ်
ငန်းစဉ်များကို မိမိတို့အနေဖြင့် ဆောင်ရွက်နေပြီး ပဋိပက္ခဖြစ်စဉ်များကြောင့်
မျက်နှာချင်းဆိုင်ရန် အခက်အခဲရှိနေသည့် ယခုကာလတွင် ဘာသာရေး၊
လူမှုရေးပွဲလမ်းများ ပြုလုပ်၍ ဘာသာပေါင်းစုံ တက်ရောက်စုံစည်းသည့်
နည်းလမ်းဖြင့် အတူယှဉ်တွဲနေထိုင်သွားရန်ဖြစ်ကြောင်း ဦးဆန်းဆင့် က ပြောသည်။
““တစ်ဖက်နဲ့တစ်ဖက် ထင်ယောင်ထင်မှားတွေဖြစ်နေသလို ဗလီတွေထဲမှာ အက်ဆစ်တွေ၊
တခြားလောင်စာတွေရှိတယ်ဆိုတာ မဟုတ်ပါဘူးဆိုတာကို သက်သေပြတဲ့အနေနဲ့
သံဃာတော်တွေကို ဗလီဝတ်ကျောင်းတွေထဲမှာ ဆွမ်းကပ်ခဲ့တဲ့ ဖြစ်စဉ်တွေ
ရှိပါတယ်”” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
သာသနာရေးဝန်ကြီးဌာနအနေဖြင့်
ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးအသင်းများကို မြို့နယ်တိုင်းတွင်
ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေပြီး ၀န်ကြီးဌာနအောက်တွင်
ဖွဲ့စည်းဆောင်ရွက်ခြင်းမဟုတ်ဘဲ လွတ်လပ်သော NGO အဖွဲ့အစည်းအနေဖြင့်
လုပ်ဆောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
““၀န်ကြီးဌာနအောက်မှာ လုပ်လိုက်ရင် ဌာနက ချုပ်ကိုင်မှုတွေရှိ တယ်ဆိုတာ
ဖြစ်မှာစိုးတဲ့အတွက် ၀န်ကြီးဌာနအနေနဲ့ မလုပ်ပါဘူး။ NGO အနေနဲ့လုပ်ရင်
သံသယကင်းကင်း၊ လွတ်လွတ်လပ်လပ် ဘာသာပေါင်း စုံ
ဆွေးနွေးပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် သမ္မတကြီးပါဝင်တဲ့
ဝန်ကြီးများအစည်းအဝေးမှာ ဒါကို တင်ပြဆောင်ရွက်ခဲ့ပါတယ်”” ဟု
ပြည်ထောင်စုဝန်ကြီးက ပြောသည်။
မကြာမီက သွားရောက်ခဲ့သော
နိုင်ငံတော်သမ္မတ၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် သံတွဲမြို့
ပဋိပက္ခဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ယခုလ ၅ ရက်ညတွင် ဧရာဝတီတိုင်းဒေသကြီး
ကျောင်းကုန်းမြို့၌လည်း မီးရှို့ဖျက်ဆီးသည့် ပဋိပက္ခဖြစ်စဉ်များ
ပေါ်ပေါက်ခဲ့သည်။
ရန်ကုန်မြို့ရှိ နေအိမ်တစ်အိမ်ရှေ့တွင် ကပ်ထားသော ၉၆၉ အမှတ်တံဆိပ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7 Day Daily
No comments:
Post a Comment