နောဝှစ်ခ်ျစီးတီးနှင့် ပွဲစဉ်တွင် အသင်း၏ ဗျူဟာ အပြောင်းအလဲ
စွန့်စားမှုများ ရှိခဲ့ကြောင်း ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက ဝန်ခံ
ပြောကြားလိုက်သည်။
ချယ်လ်ဆီးသည်
နောဝှစ်ခ်ျကို အဝေးကွင်းတွင် (၃-၁)ဖြင့် အနိုင်ရခဲ့သော်လည်း အော်စကာ၏
ဦးဆောင်ဂိုးကို အန်သိုနီ ပီလ်ကင်တန်က ခေါင်းတိုက် ချေပသဖြင့် (၁)ဂိုးစီ
သရေဖြင့် ရုန်းကန်ခဲ့ရသေးသည်။ သို့သော်လည်း အသက်(၅၀)အရွယ် ပေါ်တူဂီသား
မန်နေဂျာက ဆမ်မြူရယ်လ်အီတူး၊ အီဒင်ဟာဇက်နှင့် ဝီလျံတို့ကို ထည့်သွင်းကာ
ဦးဆောင်မှုကို ပြန်လည်ရယူရန် အားထုတ်ခဲ့ပြီး ဟာဇက်နှင့် ဝီလျံတို့က
ဂိုးများထပ်သွင်းကာ (၃)မှတ်အပြည့် ရယူနိုင်ခဲ့သည်။ မော်ရင်ဟိုက
မိမိအနေဖြင့် လိုအပ်လျှင် ဗျူဟာပိုင်းကို လုံးဝပြောင်းလဲ စွန့်စားရမည်သာ
ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
"ဒီပွဲအတွက် ကျွန်တော့်
ကြိုတင်စိတ်ကူးထားပုံက ပထမဆုံး ဦးဆောင်ဂိုး (၂)ဂိုး သွင်းယူနိုင်ပြီး
ပွဲအခြေအနေကို ပြတ်သားသွားစေဖို့ပါ။ ကစားသမားတွေက သူတို့တာဝန်ကို
အကောင်းဆုံး လုပ်ဆောင်ခဲ့ပေမယ့် ပြိုင်ဘက်က ထိုက်ထိုက်တန်တန် ချေပဂိုး
ပြန်ရသွားတဲ့အခါ ကျွန်တော်တို့ အခက်ကြုံလာပါတယ်။ နောဝှစ်ခ်ျဟာ
ကျွန်တော်တို့ကို ကောင်းကောင်း အကျပ်တွေ့အောင် ကစားပြခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကျွန်တော် စွန့်စားတဲ့ဘက်က နည်းနည်း ချဉ်းကပ်ခဲ့ရတယ်။
(၁)မှတ်အတွက် ကျွန်တော်တို့ ကစားတာ မဟုတ်ဘူးလေ။ တိုက်စစ်သမားတွေ
ပြုံထည့်လိုက်တာဟာ စွန့်စားမှု တစ်ခုပါ။ တကယ်လို့ တစ်ခုခု
လွဲချော်ခဲ့ရင်လည်း ဒီအတွက် တာဝန်ယူရမှာ ကျွန်တော်ပါပဲ"ဟု မော်ရင်ဟိုက
ပြောဆိုခဲ့သည်။
၎င်းက အော်စကာအတွက် အဖွင့်ဂိုး ဖန်တီးပေးခဲ့သည့်
ဒမ်ဘာဘားကိုလည်း ချီးကျူးခဲ့သည်။ "ကျွန်တော် ခုပွဲမှာ ဘားကို အသုံးပြုဖို့
အလေးအနက် ဆန္ဒရှိခဲ့ပါတယ်။ သူဟာ ဒီလိုပွဲစဉ်တွေနဲ့ လိုက်ဖက်တယ် ဆိုတာကိုလည်း
ကျွန်တော် သိတယ်။ ဒါပေမဲ့ ခက်ခဲလာတဲ့ အခြေအနေ တချို့ကြောင့်
အပြောင်းအလဲကို ကျွန်တော် စဉ်းစားခဲ့တယ်။ ပွဲက ပိုပြီး ဖွင့်ကစားလာချိန်မှာ
နေရာလွတ်တွေ တော်တော်လေး ပေါ်လာတယ်။ ဒါကြောင့် ကျွန်တော် အီတူးကို
ကစားခိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခက်အခဲတွေ ကြားကနေ ကျွန်တော်တို့
ထိုက်တန်တဲ့ အနိုင်ရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်"ဟုလည်း
မော်ရင်ဟိုက မှတ်ချက်ပြုသွားသည်။
Soccer Myanmar
No comments:
Post a Comment