မန္တလေးမြို့တော်တွင် ပြီးခဲ့သည့် မေလခန့်က စတင်ဖွင့်လှစ်ခဲ့သည့် ပြည်တွင်း
အခွန်များဦးစီးဌာန အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံးသို့ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ဆိုင်ရာ ပေးဆောင်ရမည့် အခွန်ကိစ္စ များနှင့် ပတ်သက်၍ လာရောက် မေးမြန်းမှု ပိုများလာကြောင်း အဆိုပါရုံး တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံးသို့ စတင်ဖွင့်လှစ်ခဲ့သော မေလမှ
စက်တင်ဘာလကုန်ထိ အခွန်နှင့် ပတ်သက်၍ လာရောက် မေးမြန်းခဲ့သူ ၂၃၄ ဦးရှိပြီး
အဆိုပါ မေးမြန်းသူများထဲမှ အိမ်၊ ခြံ၊ မြေနှင့် ပတ်သက်၍ အခွန်နှုန်းထားများ
လာရောက် မေးမြန်းသူ သုံးပုံတစ်ပုံခန့် ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“အခွန်ထမ်းတဲ့ လုပ်ငန်းရှင်တွေ လုပ်ငန်းနဲ့ ပတ်သက်တာ လာမေးတာတော့
များပါတယ်။ ဒါပေမဲ့ အခုက အိမ်၊ ခြံ၊ မြေ ကလည်း ဟော့ (hot) နေတော့ အဲဒါနဲ့
ပတ်သက်လို့ လာမေးတာ ပိုများလာတယ်” ဟု အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံးမှ
တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အိမ်၊ ခြံ၊ မြေ ဝယ်ယူသူများ အနေနှင့်
ရန်ကုန်မြို့တော်တွင် အိမ်၊ ခြံ၊ မြေဈေးနှုန်းများ
သတ်မှတ်လိုက်ခြင်းကြောင့် မန္တလေးမြို့တော်ရှိ အိမ်၊ ခြံ၊ မြေဝယ်ယူသူများက
လာရောက် စုံစမ်းကြခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးတွင် ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်ခန့်က
မြို့နယ်များအလိုက် အိမ်၊ ခြံ၊ မြေ ကာလတန်ဖိုးများ သတ်မှတ်ပေးပြီးနောက်
အိမ်၊ ခြံ၊ မြေ ဈေးကွက် အေးစက်သွားခဲ့ကြောင်း လက်ရှိမန္တလေးမြို့တော် အိမ်၊
ခြံ၊ မြေဈေးကွက်မှာ ပုံမှန်အတိုင်းသာ ရှိနေ ကြောင်း မန္တလေးမြို့တော်
အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
မန္တလေးအခွန်ဆိုင်ရာ ဝန်ဆောင်မှု ရုံးသို့ ပြည်တွင်းပြည်ပ
ရင်းနှီးမြှုပ်နှံသူများ အနေနှင့် သိရှိလိုသော အခွန်သတင်း အချက်အလက်များ
လာရောက် မေးမြန်းနိုင်ပြီး အခွန်ရုံးများနှင့် ဆက်ဆံရာတွင် အဆင်မပြေ
ရှိပါကလည်း တိုင်ကြားနိုင်ပြီး ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ အခွန်ဆိုင်ရာ
ဝန်ဆောင်မှုရုံးထံမှ သိရသည်။
The Voice Weekly
http://www.myanmaronlinenews.net/2013/10/blog-post_3952.html
No comments:
Post a Comment