အောက်တိုဘာ
၎ ရက်နဲ့ ၅ ရက်နေ့ နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့
အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ညီလာခံကို တောင်ကိုရီးယားက အမျိုးသမီး
ကိုယ်စားလှယ်အနေနဲ့ မစ္စ Shin, Yee Jin တက်ရောက်လာခဲ့ပါတယ်။
အသက်
၄၀ ၀န်းကျင်အရွယ် Shin, Yee Jinက Ph.D ဒေါက်တာတစ်ဦးလည်း ဖြစ်ပါတယ်။
ရုပ်ရည်လှပချောမောသလို ထက်မြက်တဲ့ အတွေးအမြင်နဲ့
အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးပါပဲ။
မေး။ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ဒီညီလာခံကို တက်ရောက်တဲ့အပေါ်မှာ ဘယ်လိုခံစားရပါသလဲရှင့်။
ဖြေ။နိုင်ငံတကာက အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်တွေကို တွေ့ရတဲ့အတွက် အရမ်း ၀မ်းသာမိပါတယ်။
မေး။ မြန်မာပြည်က နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာရော
ဘယ်လိုမြင်ပါသလဲရှင့်၊ မနေ့က သူမရဲ့ မိန့်ခွန်းကိုရော ဘယ်လိုမြင်မိပါသလဲ။
ဖြေ။ အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းစကားတွေကိုလည်း စိတ်ဝင်စားပါတယ်၊ သူ့ဆီမှာ အရမ်းကို ပြတ်သားတဲ့ စိတ်ဓာတ် ရှိတာကို တွေ့ရပါတယ်။
မေး။ ကျမတို့ မြန်မာပြည်မှာတော့ ရှင်တို့ တောင်ကိုရီးယားထက်စာရင်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပါယ်တွေမှာ အမျိုးသမီးတွေ
ဦးဆောင်ပါဝင်မှုနည်းပါးပါတယ်။ အဲဒါကြောင့် သာမန်မြန်မာအမျိုးသမီးတွေကနေ
နိုင်ငံရေးဘက်မှာ ဦးဆောင်သူတွေ ဖြစ်လာဖို့ ဘယ်လို လေ့ကျင့်လို့ရနိုင်ပါသလဲ
ရှင့်ရဲ့ အတွေ့အကြုံကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ဒီအပိုင်းကို
ဖြေဖို့အတွက်က အများကြီး ရှိပါတယ်၊ ဒါပေမဲ့ ပထမဦးဆုံးအနေနဲ့ ပညာရေးကတော့
အရမ်းကြီးဆုံးပါပဲ၊ အနာဂတ်မှာ
အမျိုးသမီးခေါင်းဆောင်ဆိုတာမျိုးဖြစ်လာဖို့အတွက် နောက်တစ်ချက်က
လူမှုရေးနယ်ပယ်ထဲ လက်တွေ့ ကျင်လည်နိုင်ရမယ်၊ ကျမတို့ နိုင်ငံအတွက်ဆိုရင်
သမ္မတ Park Geun-Hye လိုမျိုးပေါ့၊ အခုဆိုရင် ကျမတို့နိုင်ငံက အစိုးရက
တရားမျှတတယ်ဆိုတာ ပြနိုင်ခဲ့တယ်၊ အမျိုးသမီးလည်း သမ္မတ ဖြစ်ခွင့်
ရှိတယ်ဆိုတာကိုပေါ့၊ ကျမတို့က ဒီအချက်ကို ငယ်ရွယ်နုနယ်သေးတဲ့
တိုင်းပြည်အနာဂတ် ကလေးတွေအတွက် ပျိုးထောင်ပေးတဲ့ နေရာမှာ ပြပေးနိုင်မယ်၊
အသုံးပြုနိုင်မယ်၊ ပြီးတော့ သူမ(Park Geun-Hye)က စီးပွားရေးမှာရော
တခြားအဆင့်မြင့် အလုပ်အကိုင်တွေမှာရော အမျိုးသား အမျိုးသမီး မခွဲခြားဘဲ
တန်းတူ လုပ်နိုင်တယ်ဆိုတာကို ဟောပြောပြသပေးခဲ့တယ်၊အဲဒီလို ပြသပေးတာကပဲ
သာမန် အမျိုးသမီးတစ်ယောက်ဟာလည်း ပါလီမန်အဖွဲ့ဝင် ဖြစ်နိုင်ဖို့အတွက်
ပါလီမန်ထဲ ၀င်နိုင်တယ်ဆိုတာကို ထောက်ပြတာပါပဲ၊ အဲဒီလိုပဲ ကျမတို့ဆီမှာ
အမျိုးသမီးတွေ လွှတ်တော်ထဲ ၀င်ရောက်နိုင်ဖို့အတွက် အမျိုးသားတွေနဲ့
ယှဉ်ပြိုင်နိုင်တယ်ဆိုတာ ဥပဒေရှိပါတယ်။ သမ္မတ ဖြစ်နိုင်ဖို့ဆိုတာလည်း
အမျိုးသားတွေအတွက် ၅၀ ရာခိုင်နှုန်း၊ ကျမတို့ အမျိုးသမီးတွေအတွက် ၅၀
ရာခိုင်နှုန်း ရှိပါတယ်၊ ကျမလည်း အဲဒီလို အမျိုးသမီးတွေထဲက တစ်ယောက်ပါပဲ။
မေး။ အမျိုးသမီးအမျိုးသားတွေရဲ့ စွမ်းဆောင်ရည်အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။ ကွာခြားမှုတွေ ရှိပါသလား။
ဖြေ။ ဒီအတွက်ကို ကျမသိထားတာက အမျိုးသမီးတစ်ယောက်တည်းနဲ့လည်း
လိုအပ်နေတဲ့နိုင်ငံရေး၊ လူမှုရေး ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို
ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး၊ အကုန်လုံး ကျားမ မရွေး နိုင်ငံကို
ကောင်းစေချင်တဲ့သူတွေ ပူးပေါင်း လုပ်ဆောင်မှ ရမှာပါ၊ ကိုးရီးယားနိုင်ငံမှာ
ဆိုရင် ပါလီမန်ထဲမှာ အမျိုးသမီး ပါဝင်မှုနှုန်း ၂၇ ရာခိုင်နှုန်း ရှိပါတယ်၊
ဒီနေရာမှာ ကျမတို့ အားလုံးအတူတူ ပူးပေါင်းဆောင်ရွက်ကြပါတယ်၊ အမျိုးသမီး
တစ်ဦးတည်းက အရာအားလုံးကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။
မေး။
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတ ဖြစ်လိုကြောင်း ပြောထားပါတယ်။
ရှင့်အနေနဲ့ အဲဒီပေါ်မှာရော ဘယ်လိုမြင်ပါသလဲ၊ သူမ ဖြစ်နိုင်တယ်လို့
ထင်ပါသလား။
ဖြေ။ အောင်ဆန်းစုကြည် သမ္မတ ဖြစ်မဖြစ်ဆိုတာနဲ့
ပတ်သက်ပြီး သူမကအခုချိန် မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ နိုင်ငံရေးသမား
တစ်ဦး ဖြစ်ပါတယ်၊ ဒါပေမဲ့ ပြဿနာက အခုထိ စစ်တပ်နဲ့ မကင်းနိုင်သေးတဲ့
သူတွေတစ်ချို့ရဲ့ သူမကို နေရာတစ်နေရာကနေ ပျောက်သွားအောင် လုပ်နိုင်တဲ့
အာဏာရှိနေတယ်၊ ဒီလိုအခြေအနေမှာ အချိန်ယူရလိမ့်မယ်၊ ဒီအချိန် မတိုင်ခင်
အရင်ကာလတွေမှာတုန်းက ဒီထက် ခက်ခဲတဲ့ အခြေအနေ အချိန်အခါတွေ မြန်မာနိုင်ငံမှာ
ရှိခဲ့တယ်၊ ဒီမိုကရေစီဆိုတာ ဒီလိုပဲ တစ်ဖြည်းဖြည်းနဲ့ ဒီနိုင်ငံမှာ
ရင့်ကျက်လာဖို့အတွက် ပျိုးထောင်ပေးရမယ်၊ တစ်ချိန်မှာ အဲဒီလို ရင့်ကျက်အောင်
မွေးမြူပေးတဲ့ အကျိုးအနေနဲ့ အသီးအပွင့်တွေ ရှိလာမယ်၊ ဒါကြောင့် ကျမထင်တာက
အောင်ဆန်းစုကြည် သမ္မတ ဖြစ်မဖြစ်ထက် ဒီမိုကရေစီဆိုတာ ဒီနိုင်ငံမှာ အရင်ဆုံး
အထိုင်ကျ ရင့်ကျက်အောင် လုပ်သင့်တယ် ထင်ပါတယ်၊ ဒါ ကျမ အမြင်ပါ၊ တကယ်လို့
ဒီမိုကရေစီကို ၂၀၁၅ အမီ အချိန်ကိုက် မြန်မြန် အခြေတည်နိုင်မယ်ဆိုရင်တော့
သူမအတွက် အခွင့်အလန်း ရှိပါတယ်၊ ဒါပေမဲ့ သေချာတာကတော့ ဒီမိုကရေစီ ဆိုတာ
အရင် အခြေကျပြီး ဘာလဲဆိုတာ ပြည်သူတွေကို ချပြနိုင်ဖို့က အရေးကြီးတယ်
ထင်ပါတယ်။
မေး။အခုလက်ရှိမှာ ရှင်မြင်ရတဲ့ ကျမတို့
မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့
အခြေအနေကို ရောဘယ်လိုမြင်ပါသလဲ၊ ဒီမိုကရေစီနိုင်ငံဖြစ်လာအောင်
စွမ်းဆောင်နိုင်မယ်လို့ မြင်ပါသလား။
ဖြေ။ ကျမ ဒီနိုင်ငံ၊ ဒီပွဲမှာ
တွေ့လိုက်ရတဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကိုတော့ အံ့သြ စိတ်ထဲ
စွဲထင်ကျန်ခဲ့မှာပါ၊ အရမ်းတော်ကြတယ်၊ ကျယ်ပြန့်တဲ့ အမြင်တွေလည်း ရှိကြတယ်၊
ကျမအမြင်ကတော့ ဒီလို အရမ်း ထက်မြက်တဲ့ သူတွေရဲ့ အမြင်တွေ
စွမ်းနိုင်ရည်စွမ်းတွေကို တခြားသာမန် အမြင်မကျယ်သေးတဲ့ အမျိုးသမီးတွေဆီကို
ဖြန့်ဝေပေးပါ၊ ကျမ မသိသေးတဲ့ တခြား အရည်အချင်းရှိတဲ့
အမျိုးသမီးတွေလည်းရှိမယ်၊ ဒီတော့ ထက်မြက် အရည်အချင်းရှိတဲ့ အမျိုးသမီးတွေက
တခြား ကျမ မသိတဲ့ သာမန်အမျိုးသမီးတွေကို ဖြန့်ဝေပေးဖို့ လိုအပ်တယ်
ထင်ပါတယ်။အားလုံးမှာ ဒီလိုအတွေးအမြင်တွေ ရှိလာရင်တော့ ဒီမိုကရေစီနိုင်ငံကို
ရောက်နိုင်ပါပြီ။
မေး။ ခုလို ဆွေးနွေးမေးမြန်းခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ။ ကျေးဇူး။( မြန်မာလို) ကျေးဇူးပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
May Thingyan Hein(FB)
No comments:
Post a Comment