နောက်ထပ် ငွေစက္ကူများ ထပ်မံထုတ်ဝေရန် ရှိသည့်အခါတွင်
နိုင်ငံ့ခေါင်းဆောင်များ အပါအ၀င် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေ
ရှိမည့်ပုံများအား အစိုးရအဖွဲ့၏ သဘောတူ
ညီချက်ဖြင့် ရိုက်နှိပ် ထုတ်ဝေမည်ဟု
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသည့်
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
သင်္ဃန်းကျွန်း
မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းသည့်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ယခင် အစိုးရအဆက်ဆက် ထုတ်ဝေခဲ့သော
ငွေစက္ကူများ၌ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကို
အလေးထား ဖော်ပြ ထုတ်ဝေခဲ့ကြောင်း၊ ယခု ထုတ်ဝေလျှက်ရှိသော ငွေစက္ကူများတွင်
တစ်ထောင်ကျပ်တန် အထိမှာ ခြင်္သေ့ပုံများ ဖော်ပြထားသည် ဖြစ်ရာ အဆိုပါ
ခြင်္သေ့ပုံသည် နိုင်ငံရေးပါတီတစ်ခု၏ တံဆိပ်အမှတ်အသား ဖြစ်နေသည်ကို
တွေ့ရှိရကြောင်း၊ ထို့အတွက် နိုင်ငံရေး ပါတီတစ်ခု၏ တံဆိပ်အမှတ်အသားကို
နိုင်ငံတော်အဆင့် အမှတ်အသားနှင့် မတူသင့်ဟု ယူဆကြောင်း၊ ထို့ကြောင့်
မြန်မာတစ်နိုင်ငံလုံးက ကြည်ညိုလေးစားပြီး ကမ္ဘာကပါ လေးစားခံရသည့်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများဖြင့်
ငွေစက္ကူများ၏ တန်ဖိုးအသီးသီးတွင် ယခင် ခေတ်အဆက်ဆက်ကအတိုင်း ပြန်လည်
အစားထိုး ထုတ်ဝေပေးရန် လွှတ်တော်က ပြည်ထောင်စု အစိုးရအဖွဲ့အား
တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်တွင် ဆွေးနွေးပြီးနောက် ဗဟိုဘဏ်
ဒုတိယဥက္ကဋ္ဌက ယခုကဲ့သို့ ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗဟိုဘဏ်
ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက "မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ကေသရာဇာ
ခြင်္သေ့မင်းပုံပါ ငွေစက္ကူများအား ၁၉၅၂ ခုနှစ်ကတည်းက ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ပြည့်နှစ်၊
မေလတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည်
ပါတီအဖွဲ့အစည်း တစ်ခု၏ တံဆိပ် အမှတ်အသားကို ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေခြင်း
မဟုတ်ပါ။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နောက်ထပ် ငွေစက္ကူများ
ထပ်မံထုတ်ဝေရန် ရှိသည့်အခါတွင် ထင်ရှားသော နိုင်ငံ့ခေါင်းဆောင်များ၊
နိုင်ငံ၏ထင်ရှားသော အဆောက်အအုံများ၊ ရှုခင်းများ၊ အထိမ်းအမှတ်ပုံများ
စသည်များကို အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေရှိမည့် ပုံများအား
အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထည့်သွင်း ရိုက်နှိပ် ထုတ်ဝေသွားမည်"ဟု
ပြန်လည် ဖြေကြားခဲ့သည်။
၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် အတည်ပြု
ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေအခန်း(၉)ပုဒ်မ ၆၂ (ခ)တွင်
ဗဟိုဘဏ်သည် ငွေစက္ကူများ ပြင်ဆင်ရိုက်နှိက် ထုတ်ဝေရန် အစိုးရအဖွဲ့၏ သဘော
တူညီချက် ရရှိရန် လိုအပ်သည်ဟု ပါရှိကြောင်းလည်း ဒေါ်ခင်စောဦးက ထည့်သွင်း
ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment