စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် မြို့တော်ခန်းမတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ကလေးခရိုင်၊ တမူးခရိုင်၊
မော်လိုက်ခရိုင်တို့မှ ပါတီအသီးသီး၊ အုပ်ချုပ်ရေး အဖွဲ့များ၊ လူမှုရေး
အဖွဲ့များနှင့် တွေ့ဆုံရာတွင် ဒီမိုကရေစီအရေး၊ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးများ စသည့်ပြုပြင်ပြောင်းလဲမှုများ
ဆောင်ရွက်ရာတွင် မိမိကိုယ်၌ကလည်း လိုက်ပါပြောင်းလဲရန် လိုအပ်သည်ဟု
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်ဟု သိရသည်။
"တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊
ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရယ် ဒီအပိုင်းတွေ လုပ်ဆောင်ရာမှာ
နောက်ဆုံးတော့ အချုပ်အားဖြင့် ကိုယ်ကိုယ်တိုင်ကရော တကယ်လိုချင်သလား၊
တကယ်လို့ ဒီမီုကရေစီ ထွန်းကားရေးမှာ ကိုယ့်မှာ အဲဒီစိတ် ရှိသလားပေါ့။
ကိုယ့်မှာလဲ အဲဒီစိတ်ရှိဖို့ လိုအပ်တယ်ဆိုတာ ပြောသွားပါတယ်" ဟု
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်သူလူထု ၅၀၀ ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ
၁၇ ဦးက အမျိုးအမည် ကဏ္ဍခွဲ ၅၁ ခုခန့် ဆွေးနွေးခဲ့သည်ဟု သိရသည်။ "ဒီကနေ့
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ပြောသွားတဲ့ အထဲမှာ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးကို အဓိကထား ပြောသွားတယ်။ ပြည်သူ့လွှတ်တော်မှာလည်း
တိုင်းရင်းသားတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေ ဖော်ဆောင်ပေးနေတယ် ဆိုတာကိုလည်း
ပြောသွားပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရာမှာလည်း တိုင်းရင်းသားတွေရဲ့
လိုအပ်ချက်တွေ ပြင်ဆင်နိုင်အောင် ဆောင်ရွက်နေတယ်ဆိုတာ ပြောပါတယ်။
အစိုးရ ဘက်ကလည်း တိုင်းရင်းသားတွေဘက်က စိတ်ငြိုငြင်မယ့် ကိစ္စဖြစ်ခဲ့မယ်
ဆိုရင်လည်း သက်ဆိုင်ရာ အဆင့်ဆင့်နဲ့ ချက်ချင်းဖြေရှင်း ဆောင်ရွက်ပေးဖို့
ပြောသွားပါတယ်" ဟု အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ကိုကျော်သက်ဝင်းက
ပြောကြားသည်။ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ကလေးမြို့သို့
လေယာဉ်ဖြင့် မွန်းလွဲ ၂ နာရီခန့်က ရောက်ရှိခဲ့ပြီး ဒေသခံများနဲ့
တွေ့ဆုံပြီး ပြည်သူများ၏ တင်ပြချက်များကို ဖြေရှင်းပေးပြီး
ညနေငါးနာရီကျော်မှ လူထုတွေ့ဆုံပွဲ ပြီးဆုံးခဲ့သည်ဟု သိရသည်။"အဓိက
ဆွေးနွေးကြတာကတော့ ပညာရေး လိုအပ်ချက်၊ ကျန်းမာရေး လိုအပ်ချက်၊ ရေရရှိရေး၊
မီးရရှိရေးတွေ များပါတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးခင်မောင်သန်းက ပြောကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment