Pages

14.11.13

အစောဆုံး ကြောင်အကြီးစား မျိုးနွယ်ရုပ်ကြွင်းကို ဟိမဝန္တာတွင် တွေ့ရှိ

Panthera blytheaeဟု အမည်ပေးထားသည့် အဆိုပါ သတ္တဝါများသည် လွန်ခဲ့သည့် နှစ်ပေါင်း (၆)သန်းဝန်းကျင်က ဟိမဝန္တာတောင် တောင်
တန်းများတဝိုက်တွင် အမဲလိုက် လှုပ်ရှားသွားလာနေခဲ့သည်ဟု ယူဆရ
ကြီးမားသော ကြောင်မျိုးစိတ်ကြီးများအနက် သက်တမ်းအရင့်ဆုံးဟု ယူဆရသော သတ္တဝါတစ်ကောင်၏ ရုပ်ကြွင်းကို သုတေသီများက တူးဖော် တွေ့ရှိခဲ့သည်။ Panthera blytheaeဟု အမည်ပေးထားသည့် အဆိုပါ သတ္တဝါများသည် လွန်ခဲ့သည့် နှစ်ပေါင်း (၆)သန်းဝန်းကျင်က ဟိမဝန္တာတောင် တောင်တန်းများ တဝိုက်တွင် အမဲလိုက် လှုပ်ရှားသွားလာနေခဲ့သည်ဟု ယူဆရသည်။ ၎င်းတို့ထံမှ ယနေ့ခေတ် နှင်းတောင်ကျားသစ်များ ဆင့်ပွားဆင်းသက်လာပြီး ခြင်္သေ့၊ သစ်ကျုတ်များနှင့် ကျားများနှင့်ပါ မျိုးနွယ် ဆက်စပ်မှု ရှိနေကြောင်းလည်း သိရသည်။ ယခုတူးဖော် တွေ့ရှိသော ရုပ်ကြွင်းဦးခေါင်းခွံသည် လွန်ခဲ့သည့် နှစ်ပေါင်း (၄.၁)သန်းနှင့် (၅.၉၅)သန်းခန့်က ရှင်သန်ကျက်စားခဲ့သော သတ္တဝါတစ်ကောင် ဖြစ်သည်။

အမေရိကန် သုတေသီများက ယခုတွေ့ရှိချက်အရ ကြီးမားသော ကြောင်မျိုးနွယ်ကြီးများ စတင်ပေါ်ပေါက် ဖြစ်တည်လာရာ နေရာသည် အာရှတိုက်ဟု ယူဆနိုင်ကြောင်း မှတ်ချက်ပြုခဲ့ကြသည်။ အထူးသဖြင့် အာရှအလယ်ပိုင်းနှင့် တိဘက်တို့တွင် ယင်းတို့စတင် ပေါက်ဖွား ရှင်သန်ပြီး တဖြည်းဖြည်း မျိုးကွဲများ ပျံ့နှံ့ခဲ့သည်ဟု ယူဆနိုင်သည်။ အမေရိကန်နိုင်ငံ၊ နယူးယော့ခ် သဘာဝ သမိုင်းပြတိုက်မှ ပညာရှင် ဒေါက်တာဂျက်ဆန်းက "ဒီတွေ့ရှိချက်အရ ကြောင်မျိုးနွယ် အကြီးစားတွေရဲ့ မူရင်းဇစ်မြစ်ကို ခြေရာခံတဲ့ နေရာမှာ အရင်က တွေးထင်ထားတာတွေထက် ပိုပြီးနက်ရှိုင်း ကျယ်ဝန်းလာပြီလို့ ဝန်ခံရပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။

ယခင်က ကြောင်မျိုးစိတ်များအနက် သက်တမ်းအရင့်ဆုံးဟု ယူဆရသော ရုပ်ကြွင်းကို (၁၉၇၀)ပြည့်လွန် နှစ်များက တန်ဇန်းနီးယားတွင် တူးဖော် တွေ့ရှိခဲ့သည်။ အဆိုပါ ရုပ်ကြွင်း၏ သက်တမ်းသည် နှစ်ပေါင်း (၃.၆)သန်းမျှ ရှိသည်ဟု ယူဆရသည်။ Panthera blytheaeမှာမူ ယင်းထက် သက်တမ်းပိုရင့်သလို အစောဆုံး ကြောင်အကြီးစား မျိုးနွယ်အဖြစ် ပြောင်းလဲ ယူဆနိုင်သည့် အထောက်အထားများ ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

No comments:

Post a Comment