ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း အစိုးရနှင့် ကချင်လွတ်မြောက်ရေး
တပ်မတော် (ကေအိုင်အေ) တို့အကြား တိုက်ပွဲဆက်ဖြစ်နေပြီး နှစ်ဖက်စလုံး၌
စစ်အင်အား တိုးမြှင့်မှုများ ရှိနေသဖြင့် စစ်ရေးတင်းမာမှု
ပြင်းထန်နိုင်ကြောင်း
နှစ်ဖက်စစ်ဘက်ဆိုင်ရာ အရာရှိများ၏
ပြောကြားချက်အရ
သိရသည်။
ဗန်းမော်မြို့နယ်မှ ၄၅ မိုင်ခန့်အကွာ နမ့်လင်းပါရွာနှင့်
အနီးတစ်ဝိုက် ကျေးရွာ
များတွင် အောက်တိုဘာ နှောင်းပိုင်းမှ စတင်ပြီး
အစိုးရနှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး
နိုဝင်ဘာ ၁၈ ရက်အထိ ဆက်လက်ဖြစ်ပွား ခဲ့သည်။
"သူတို့ဘက်မှာတော့
တပ်အင်အားတွေ ဖြည့်ထားတယ်။ လက်နက်တွေလည်း ပို့ထားတယ်။ တိုက်ဖို့အထိ
ပြောတာတွေ ရှိတယ်လို့ သိထားပါတယ်" ဟု အစိုးရ၏ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ
တစ်ဦးက The Daily Eleven သို့ ပြောကြားသည်။
နန့်လင်းပါရွာနှင့်
အနီးတစ်ဝိုက် ဧရိယာများတွင် ကေအိုင်အေ တပ်ရင်း ၁၂ လှုပ်ရှားလျက် ရှိနေကာ
ပြီးခဲ့သည့် ၁၀ ရက်အတွင်း ကေအိုင်အေ တပ်ရင်း ၂၇၊ တပ်ရင်း ၁ နှင့် တပ်ရင်း ၅
တို့မှာ အဆိုပါ ဒေသသို့ ရောက်ရှိလာကြောင်း စုံစမ်းသိရှိ ရသည်။
"တပ်ရင်း ၂၇ က အရင်ကတည်းက ကျွန်တော်တို့နဲ့တွဲပြီး လှုပ်ရှားနေတာပါ။
တိုက်ပွဲကတော့ မနေ့က ငါးကြိမ်လောက် ဖြစ်တယ်။ ဒီနေ့မှာ သုံးလေးခါတော့
ပစ်ခတ်တာ ရှိတယ်။ တိုက်ပွဲပုံစံတော့ မဖြစ်ဘူး" ဟု ကေအိုင်အေ တပ်ရင်း ၁၂ ၏
တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်က The Daily Eleven သို့ နိုဝင်ဘာ ၁၉ ရက်
ညနေက ပြောခဲ့သည်။
လက်ရှိတွင် ကေအိုင်အေအင်အား ၂၀၀
ကျော်ခန့်ရှိကြောင်း ခန့်မှန်းထားသည်ဟု အစိုးရ၏ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူက
ပြောကြားခဲ့ပြီး အစိုးရဘက်တွင်မူ အင်အားထောင်ဂဏန်းခန့် ဖြည့်တင်းထားသည်ဟု
ကေအိုင်အေ တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်က ဆိုသည်။
နှစ်ဖက်စလုံးက
၎င်းတို့တွင်ရှိသော စစ်အင်အားကို အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ
စစ်ပြေးဒုက္ခသည်များကို ကူညီနေသည့် လူမှုကူညီရေး အဖွဲ့များ၏ ပြောကြားချက်အရ
နိုဝင်ဘာ ၁၆ ရက်တွင် အစိုးရ၏ တပ်ရင်းလေးရင်းက နန့်လင်းပါရွာ၌ ၀င်ရောက်နေရာ
ယူထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့အပြင် နန့်လင်းပါရွာနှင့် နန့်လင်းပါ
ဒုက္ခသည် စခန်းတွင် ခိုလှုံနေသူ တစ်ဦးမျှ မရှိတော့ကြောင်း သိရသည်။
"အထက်က အမိန့်နဲ့ ရောက်လာတာပါ။ ရွာသူရွာသားတွေကို ဒုက္ခမပေးပါဘူး။ ဒုက္ခသည်
စခန်းတွေကို ကူညီဖို့ အစီအစဉ် ရှိပါတယ်။ ဒါလည်း သူတို့ဘက်က လက်ခံမှ ရမှာပါ။
ကျွန်တော်တို့ဘက်ကို လာမပစ်ရင် တိုက်ပွဲဖြစ်စရာ အကြောင်းမရှိပါဘူး" ဟု
နိုဝင်ဘာ ၁၆ ရက်က နန့်လင်းပါ ကျေးရွာသို့ ရောက်ရှိလာသော ဗျူဟာမှူးက The
Daily Eleven သတင်းထောက်သို့ ပြောကြားသည်။
သို့သော် နိုဝင်ဘာ ၁၇
ရက် နံနက်ပိုင်းနှင့် ညနေပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အပြင်
နိုဝင်ဘာ ၁၈ ရက်တွင်လည်း တိုက်ပွဲဆက်ဖြစ် ခဲ့သည်ဟု နန့်လင်းပါ ကျေးရွာသို့
ရောက်ရှိခဲ့သော The Daily Eleven သတင်းထောက်က ပြောကြားသည်။
မန်စီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၏ အကြောင်းရင်းခံသည်
စစ်ကိုင်းတိုင်းမှတစ်ဆင့် ကချင်ပြည်နယ်ကို ဖြတ်ပြီး လုပ်ကိုင်နေသော
သစ်မှောင်ခိုများကို နှိမ်နင်းရန်နှင့် အောက်တိုဘာ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲ သဘောတူညီချက်တွင် ပါဝင်ခဲ့သော မန္တလေး-ဗန်းမော်လမ်းပိုင်းကို
ပြန်လည်အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး တပ်လှုပ်ရှားမှုများ ရှိခဲ့သည်ကို
ကေအိုင်အေဘက်က စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု အစိုးရ တာဝန်ရှိသူများက
ပြောကြားသည်။
T-20-11
နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်း
အစိုးရနှင့် တိုက်ပွဲမဖြစ်ပွားမီ ၁၅ မိနစ်ခန့် အလိုက နန့်လင်းပါ
ကျေးရွာအနီးသို့ ချဉ်းကပ်လာသည့် ကေအိုင်အေ ရှေ့ပြေးတပ်သားများကို တွေ့ရစဉ်
(ဓာတ်ပုံ-EMG)
အစိုးရ အနေဖြင့် သစ်မှောင်ခို နှိမ်နင်းရန်နှင့်
ဗန်းမော်လမ်းပိုင်း ပြန်ဖွင့်ရေးအတွက် တပ်လှုပ်ရှားသည်ဟု ဆိုသော်လည်း
နယ်မြေစိုးမိုးရေး ရည်ရွယ်ချက်ဖြင့် ကေအိုင်အေ တပ်ရင်း ၁၂ လှုပ်ရှားရာ
နယ်မြေကို ထိုးဖောက်လာခြင်း ဖြစ်သည့်အတွက် တိုက်ပွဲများ ဖြစ်ရသည်ဟု
ဗိုလ်မှူးဂျွန်းအောင်က ပြောပါသည်။ ထို့ပြင် ကေအိုင်အေ တပ်ရင်း ၁၂
လှုပ်ရှားရာ ဒေသသည် စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်
မြောက်ပိုင်းဒေသများနှင့် ထိစပ်နေသည့် နယ်မြေဖြစ်ခြင်းကြောင့် အဆက်အသွယ်
ဖြတ်လိုသည့်အတွက် ယခုကဲ့သို့ အစိုးရတပ်များ ထိုးဖောက်ဝင်ရောက်လာခြင်း
ဖြစ်သည်ဟု ၎င်းကဆက်လက် ပြောကြားသည်။
"တပ်မတော်တွေ ဒီလမ်းကြောင်းက ၀င်လာတာက
အောက်တိုဘာ သဘောတူညီချက်မှာပါတဲ့ မုန်းဒိန်းပါ၊ နန့်လင်းပါ လမ်းကြောင်းကို
အရပ်သား ပြည်သူများ လွတ်လပ်စွာ သွားလာနိုင်ရန်ဆိုတဲ့ သဘောတူညီချက် ပါတယ်။
ဒီသဘော တူညီချက်ကြောင့် ကေအိုင်အေရဲ့ တပ်စခန်းတွေ နောက်ဆုတ်ပေးခဲ့ပြီ။ အခု
ဒီလမ်းပိုင်းကို တပ်မတော်က ၀င်လာတယ်။ သဘောတူညီချက်မှာ အရပ်သားတွေကိုပဲ
ဝင်ခွင့်ပေးတာ။ တပ်မတော် မပါဘူး။ နန့်လင်းပါ ကျေးရွာဆိုတာ တပ်မတော်က
ဝင်ထွက်သွားလာလေ့ မရှိပါဘူး။ အခုတော့ ရွာထဲကို ၀င်လာတယ်။ အစိုးရဘက်ကတော့
တပ်မတော်က ဒုက္ခသည်တွေကို ကူညီဖို့ သွားတဲ့အခါမှာ ကေအိုင်အေက ချောင်းပစ်တယ်။
ဒုက္ခသည်တွေကို ကေအိုင်အေက မောင်းထုတ်တယ်လို့ ပြောနေပါတယ်" ဟု ကေအိုင်အို၏
ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ပြောကြားသည်။
လတ်တလော
အခြေအနေများအရ နန့်လင်းပါ၊ မုန်းဒိန်ပါ၊ ကောင်ဂျာနှင့်
ကောင်လွယ်ရွာများတွင် လူနေထိုင်မှု မရှိတော့ဘဲ နန့်လင်းပါနှင့် အနီးတစ်ဝိုက်
ကျေးရွာများမှ စစ်ပြေးဒုက္ခသည် ၂၀၀၀ ကျော်မှာ မန်ဝိန်းကြီး ကျေးရွာသို့
ရောက်ရှိနေပြီး ထိုအထဲတွင် ကချင်တိုင်းရင်းသားများ အပြင်
ရှမ်းတိုင်းရင်းသားများလည်း ပါဝင်ကြောင်း သိရသည်။
မန်စီမြို့နယ်အတွင်း
တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေချိန်တွင် ကေအိုင်အေ၏ ဒုတိယ စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ဂွမ်မော်သည် ရန်ကုန်မြို့သို့ ခေတ္တရောက်ရှိ နေပြီး နိုဝင်ဘာ ၁၈
ရက်က သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
Eleven Media Group
No comments:
Post a Comment