တရုတ်ပျော်တော်ဆက် ဇနီးအဖြစ် ရောင်းချခံ
ရသော မြန်မာအမျိုးသမီးများ ပေါက်ဈေး ၂၅ သိန်းမှ သိန်း ၅၀ ကြား ရှိနေကြောင်း သိရသည်။
တရုတ်ဇနီးအဖြစ် ရောင်းစားခြင်းခံရသော
မြန်မာအမျိုးသမီးများမှာ ခြောက်လခန့်
အကြာတွင် အခြားတရုတ် တစ်ယောက်ထံငွေဖြင့် ထပ်မံရောင်းစားခြင်း ခံနေရကြောင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး
ဝန်ကြီးဌာနမှ သိရသည်။
မကြာသေးမီက မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ
တာဝန်ရှိသူ တစ်ဦး၏ ပြောကြားထားချက်အရ မြန်မာအမျိုးသမီးများ
လူကုန်ကူးခံရမှု၏ ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားတို့၏ ဇနီး၊မယားအဖြစ်
ရောင်းသည့်အတွက် ယင်းသို့ ဖြစ်ပေါ်နေခြင်းမှာ လူကုန်ကူးခံရမှု
အခြေအနေများတွင် ပိုမိုစိုးရိမ်ဖွယ် အနေအထား တစ်ခုသို့ ရောက်ရှိနေကြောင်း
သိရသည်။
လူမှုဝန်ထမ်း ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးအောင်ထွန်းခိုင်က ''တရုတ်ကို ရောင်းစားခံပြီးသွားတဲ့
အမျိုးသမီးတွေဟာဆိုရင် တရုတ်မယားအဖြစ် ပေါင်းသင်းခြင်းကို အများဆုံးခံရတယ်။
ပြီးတော့လုပ်ခ လစာလည်း မရဘူး။ ခေတ်သစ် ငွေဝယ်ကျွန် ဖြစ်သွားတယ်။ နောက်ပြီး
ကျွန်တော်တို့ စစ်ဆေးတွေ့ရှိချက် အရမှာတော့ တရုတ်အိမ်ရောက်ပြီး
ခြောက်လခန့် ကြာတဲ့အခါမှာ အခြားတရုတ် တစ်ယောက်ထံကို
ငွေနဲ့ပြန်ရောင်းစားခြင်းတွေ ဖြစ်ပေါ်နေတယ်'' ဟု ပြောကြားသည်။
တရုတ်နိုင်ငံ၏ ထုံးတမ်းအစဉ်အလာ တစ်ရပ်ဖြစ်သော တစ်အိမ်ထောင် သားသမီးတစ်ယောက်
စနစ်တွင် အမျိုးသမီးများ ရှားပါးမှု ကြုံတွေ့လာမှုနှင့် ယင်းနိုင်ငံတွင်
လက်ထပ်ရန်အတွက် မြန်မာငွေကျပ်သိန်း ၁၀၀ ခန့် ရှိနေသဖြင့် အိမ်နီးချင်း
နိုင်ငံများမှ အမျိုးသမီးများကို ဈေးပေါပေါနှင့်
ဝယ်ယူရရှိခြင်းတို့ကြောင့် ဇနီးအဖြစ်ယူခြင်း၊ ပြည့်တန်ဆာအဖြစ်
ခိုင်းစေခြင်း၊ အတင်းအဓမ္မ ထိမ်းမြားခြင်းတို့ ဖြစ်ပေါ်နေရကြောင်း
လူကုန်ကူးတားဆီး နှိမ်နှင်းရေးတပ်ဖွဲ့မှ သိရသည်။
ယင်းအခြေအနေမှာ
မြန်မာနိုင်ငံသို့ အများစုထိခိုက်မှု ဖြစ်ပေါ်နေပြီး
ယခုနှစ်နောက်ပိုင်းများတွင် လူကုန်ကူးခံရမှု မြင့်တက်လာကာ အဓိက
ဆက်သွယ်ခံရသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်နေပြီး လူကုန်ကူး
ပွဲစားများထံမှ ၀ယ်ယူရာတွင် မြန်မာအမျိုးသမီးများကို ကျပ် ၂၅ သိန်းနှင့်
သိန်း ၅၀ အကြား ပေးနေကြောင်းကို စစ်ဆေးတွေ့ရှိ ရကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ အစိုးရအဖွဲ့ အနေဖြင့် ယင်းအခြေအနေကို
ထိန်းချုပ်တားဆီးနိုင်ရန် တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့်
ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ လူကုန်ကူး တားဆီးနှိမ်နှင်းရေး
တပ်ဖွဲ့စု ၂၇ ဖွဲ့အား အင်အားတိုးချဲ့ သွားမည်ဟုလည်း လူကုန်ကူး
တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။
ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊
မိသားစုအတွင်း အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ပဋိပက္ခများနှင့် စစ်ဖြစ်ပွားမှု
အခြေအနေရှိခြင်း၊ သဘာဝဘေးကပ် ကျရောက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ
ခွဲခြားဆက်ဆံ ခံရခြင်းတို့မှာ လူကုန်ကူးခံရမှု ဖြစ်ပွားနေရခြင်း၏
အဓိကအကြောင်းအရာ ဖြစ်နေကြောင်းလည်း သိရသည်။
လူကုန်ကူးမှုနှင့်
ပတ်သက်၍ တရားဝင် ထုတ်ပြန်ထားသော အချက်အလက်များအရ ယခုနှစ်ပိုင်းတွင်
လူကုန်ကူးမှုများ ပိုမိုများပြား လာသဖြင့် လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရ
လက်ထက်၌ လူကုန်ကူးမှုများ ပိုမိုမြင့်တက်လာသည်ကို တွေ့ရသည်။
လူကုန်ကူးမှု အမှုအရေအတွက်မှာ နှစ်စဉ် ၅၀ ကျော်မှ ၂၀၀ နီးပါးအထိ
ရှိနေကြောင်း၊ လူကုန်ကူးခံရ သူများမှာလည်း ၂၀၀ ခန့်မှ ၄၀၀ ၀န်းကျင်ထိ
ရှိနေပြီး အမျိုးသမီးများနှင့် ကလေးငယ်များမှာ အများဆုံး ဖြစ်နေကြောင်း
သိရသည်။ ၁၉၉၂ ခုနှစ်မှ ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ တရုတ်၊ ထိုင်း အပါအ၀င်
နိုင်ငံပေါင်း ငါးနိုင်ငံမှ ပြန်လည် ကယ်ဆယ်ခဲ့ရသော လူကုန်ကူးခံရသူ ၂၀၀၀
ကျော်အထိ ရှိခဲ့ကြောင်း လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး
ဝန်ကြီးဌာနမှ သိရသည်။
အထူးသဖြင့် ရှမ်းပြည်နယ်အတွင်း
လူကုန်ကူးခံရသည့် အမျိုးသမီးများမှာ ၀င်ငွေရ တရားဝင်လုပ်ငန်း
နည်းပါးမှုကြောင့် တစ်ဖက်နိုင်ငံသို့ ပြန်လည်ရောက်ရှိ ရသူများလည်းရှိကြောင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ဒုတိယ
ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ပြောကြားသည်။
''ယနေ့မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာလာသော
အချို့သော စီးပွားရေး လုပ်ငန်းရှင်ကြီးများ ရှိလာသော်လည်း
ပြည်သူအများစုမှာမူ ဆင်းရဲတွင်းနက်နေဆဲ ဖြစ်သည်ကို တွေ့ရသည်။ အချို့က
အဆိုပါ လုပ်ငန်းရှင်များ ရှိသောကြောင့် လုပ်သားထောင်ပေါင်းများစွာ
အလုပ်အကိုင် ရရှိနေသည်ဟု ပြောဆိုငြားလည်း တစ်ပြေးညီ ပြိုင်ဆိုင်မှု
ကင်းမဲ့သော ဈေးကွက်စီးပွားရေး အခင်းအကျင်းကြောင့် မြန်မာလူမျိုး
သန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်နေခြင်းနှင့် မြန်မာလူမျိုး
သန်းပေါင်းများစွာ ပြည်ပနိုင်ငံများတွင် ရရာအလုပ် (အောက်ခြေသိမ်း အလုပ်များ
အပါအ၀င်) လုပ်နေရခြင်း၊ လူကုန်ကူးခြင်းများ ခံနေရခြင်းနှင့် မက်ခရို
စီးပွားရေးအင်အား နိမ့်ကျခြင်း ဖြစ်သကဲ့သို့ မြန်မာ့စီးပွားရေးမှာလည်း
လူတစ်ဦးချင်း ၀င်ငွေအရ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များထဲတွင်
အောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်'' ဟု ဆောင်းပါးရှင်
ဒေါက်တာအောင်ကိုကို၏ ဆောင်းပါးတွင် ထည့်သွင်းသုံးသပ် ထားသည်ကို တွေ့ရသည်။
''လူကုန်ကူးမှုတွေ မြင့်တက်နေတယ် ဆိုတာ တိုင်းပြည်ဆင်းရဲလို့ပါ။ ဒါကြောင့်
ပြည်ထောင်စု ၀န်ကြီးတွေ အနေနဲ့ မဖြစ်နိုင်တဲ့ လစာ ၆ သိန်းတို့ သမ္မတလစာ ၁၅
သိန်းတို့ လျှော့ယူမယ်ဆိုတဲ့အစား ပြည်သူတွေရဲ့ လက်တွေ့ဆင်းရဲ မှုတွေကြောင့်
လူကုန်ကူး ခံရတာတွေကို အဲဒီနယ်စပ်ဂိတ်တွေမှာ သွားထိုင်စောင့်
ကြည့်သင့်တယ်'' ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ကိုဘိုဘိုက
သုံးသပ်ခဲ့ပါသည်။
Eleven Media Group
No comments:
Post a Comment