မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သော မန္တလေးမဟာမြတ်မုနိ
ဘုရားကြီး ဘယ်ဘက်
မျက်လုံးတော် ပွင့်တော်မူသည်ဟူသော ကောလာ
ဟလများ နိုဝင်ဘာလ
၁၀ ရက်နေ့က ထွက်ပေါ်
လာမှုနှင့် ပတ်သက်၍ ဘုရားကြီးမျက်နှာတော်
အနီးရှိ
လုံခြုံရေး ကင်မရာကို စစ်ဆေးသွား
မည် ဖြစ်ကြောင်း အဆိုပါ ဘုရားကြီး ဂေါပက
အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။
“မဟာမြတ်မုနိဘုရား ဘယ်ဘက်
မျက်လုံးတော် ပွင့်တယ်လို့ မနက် ၁၀ နာရီ ကျော်လောက် ကတည်းက ကြားလိုက်မိတယ်။
လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း ဓာတ်ပုံတွေ တွေ့လိုက်ရတယ်။
တချို့ကလည်း အခုချိန်ထိ (မွန်းလွဲ ၃ နာရီ ကျော်ခန့်အထိ) မျက်လုံးတော်
ပွင့်နေတယ်လို့ ပြောတာနဲ့ အခု လာဖူးတာပါ။ ဒီရောက်တော့လည်း ဘုရားဖူးလည်း
များပြားတာ မတွေ့ရဘူး။ ပုံမှန်ပါပဲ။ ဘုရားမျက်လုံးတော် ကလည်း
အရင်အတိုင်းပါပဲ။ ဒါတောင် ဘေးက ဘုရားဖူးတွေက ညာဘက် မျက်လုံးတော်
ပွင့်လာတယ်တို့ ဘာတို့ ပြောနေကြသေးတယ်” ဟု မန္တလေး ဒေသခံတစ်ဦး ဖြစ်သူ
ဦးမောင်မောင်က The Voice သို့ ပြောကြားသည်။
အဆိုပါ
ဘုရားမျက်လုံးတော် ပွင့်ခြင်း ဆိုသည်ကို အတည်ပြု မပြောကြားနိုင်ကြောင်း၊
ဘုရားကြီး နံနက် မျက်နှာတော်သစ်ချိန် နိဗဒ္ဓရေကြည်တော် ဝတ်အသင်းတော်
အဖွဲ့သားများက ဘုရားကြီးဘယ်ဘက် မျက်လုံးတော် ပွင့်လာသည်ကို တွေ့သည်ဟု
သိရသဖြင့် ဆရာတော် ဘုရားကြီးများကို လျှောက်တင်ခဲ့သော်လည်း မည်သည့်
အကြောင်းအရာကိုမျှ မိန့်တော် မမူခဲ့ကြောင်း၊ ဘုရားမျက်နှာတော်ကို
ရိုက်ထားသော CCTV မှတ်တမ်းများကို ပြန်လည် စစ်ဆေးနေကြောင်း မန္တလေး
မဟာမြတ်မုနိ ဘုရားကြီး ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးစိန်တင်က The Voice
သို့ ပြောကြားသည်။
မန္တလေး မဟာမြတ်မုနိ ဘုရားကြီးသည် ပြီးခဲ့သည့်
၁၅ နှစ် ဝန်းကျင်ခန့်က ရောင်ခြည်တော် ကွန့်မြူးခဲ့ပြီး ကြားကာလများတွင်လည်း
မျက်လုံးတော် ပွင့်တော်မူသည် ဟူသော သတင်းများ မကြာခဏ ကြားရကြောင်း
မန္တလေးမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။
မန္တလေး မဟာမြတ်မုနိ
ဘုရားကြီးတွင် လုံခြုံရေးကင်မရာ ၁၄ လုံး တပ်ဆင်ထားပြီး အဆိုပါ
လုံခြုံရေးကင်မရာ စစ်ဆေးချက် အဖြေကိုမူ ထုတ်ပြန်သွားမည် မဟုတ်ကြောင်း
ယင်းဂေါပကအဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment