လှိုင်သာယာ အောင်ဇေယျတံတားအဆင်း လူအုပ်စုနှစ်စု ရန်ဖြစ်၊ တစ်ဦး အသတ်ခံရ
လှိုင်သာယာမြို့နယ်နှင့် အင်းစိန် မြို့နယ်သို့ ဆက်သွယ်ထားသည့် အောင်ဇေယျ
ကြိုးတံတားအဆင်း လှိုင်သာယာ မြို့နယ် ဘက်အခြမ်းတွင် နိုဝင်ဘာလ ၁၃ ရက် ည ၁၁
နာရီ ၃၀ မိနစ်ခန့်က အသက် ၂၀ နှစ်ခန့်ရှိ လူငယ်တစ်ဦး အသတ်ခံရကြောင်း
လှိုင်သာယာမြို့နယ် မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက The Voice သို့
ပြောကြားသည်။
ယင်းလူငယ်၏
လည်ပင်းတွင် ထိုးသွင်း ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ရန်ကုန်-ညောင်တုန်း
လမ်းမပေါ် လှည့်ကင်း တာဝန်ကျ ရဲအရာရှိတစ်ဦးက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ ဖြိုးကိုသည် လှိုင်သာယာမြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ
အဆောင်တစ်ခုတွင် နေထိုင်သူ ဖြစ်ပြီး ယင်းနေ့ ညပိုင်း ၁၁ နာရီခန့်က ၎င်းအပါအဝင်
သူငယ်ချင်း သုံးဦးနှင့် အသက် ၁၈ နှစ် အရွယ်ကို ကျော်ကြီး (ခ) ကျော်မင်းသူ
အပါအဝင် လူငယ်ခြောက်ဦး အဖွဲ့တို့ စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ယင်းနောက်
ကျော်ကြီးက ပုလင်းရိုက်ခွဲပြီး ပုလင်းကွဲ အချွန်ဖြင့် ဖြိုးကို၏ လည်ပင်းကို
ထိုးခဲ့သဖြင့် သေဆုံးခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းတွင် ကနဦး
တိုင်ကြားချက်များအရ သိရှိရသည်။
ပုလင်းကွဲဖြင့် လည်ပင်းကို
ထိုးခဲ့သူ အပါအဝင် လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ၎င်း၏ သူငယ်ချင်းများ
ဖြစ်သော အသက် ၁၃ နှစ်အရွယ် စန်းမင်းသူ၊ အသက် ၁၅ နှစ်အရွယ် ဖိုးငို (ခေါ်)
မင်းကိုကို၊ အသက် ၁၇ နှစ်အရွယ်ရှိ ထက်ရှား၊ ဇင်မောင်မောင်နှင့် အသက် ၁၈
နှစ်အရွယ် ကုလား (ခေါ်) ခင်မောင်ထွေးတို့ကို (ပ) ၁၃၀၇/၁၃၊ ပုဒ်မ ၃၀၂/၁၁၄
ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
စုံစမ်းသိရှိရသည်။
No comments:
Post a Comment