လတ်တလော မြန်မာ့နိုင်ငံရေး ပြဿနာမှာ နိုင်
ငံရေး မူဝါဒ၊ သဘောထားအပေါ်
အခြေပြုသော အားကောင်းမောင်းသန် နိုင်ငံရေးပါတီများ အားနည်းနေခြင်းဖြစ်ပြီး
ပုဂ္ဂိုလ်ရေးအပေါ် အခြေပြုသော နိုင်ငံရေး
အခင်းအကျင်း အားကောင်းနေခြင်းပင် ဖြစ်သည်။ မူဝါဒအပေါ်
အခြေပြုသည့် စနစ်ကျသော
နိုင်ငံရေးပါတီများ တည်ဆောက်နိုင်ခြင်း မရှိလျှင်
ရေရှည်မြန်မာ့နိုင်ငံရေးသည် အနုတ်လက္ခဏာ ဆောင်လာမည်မှာ ဧကန်မုချ ဖြစ်သည်။
နိုင်ငံရေး ပါတီများ အားနည်းချည့်နဲ့သော အခင်းအကျင်းတွင် ပြည်သူလူထု၏
နိုင်ငံရေး အသိလည်း အားနည်းပြီး စစ်တပ်အာဏာသိမ်းမှုများကို ကြုံတွေ့ရတတ်ကာ
နိုင်ငံရေး အပြောင်းအလဲများသည်လည်း ဦးတည်ရာမရောက် တ၀ဲလည်လည် ဖြစ်တတ်သည်မှာ
တတိယ ကမ္ဘာ့နိုင်ငံရေး ရိုးရာဓလေ့ တစ်ခုပင် ဖြစ်သည်။
ပုဂ္ဂိုလ်ရေးအပေါ် အခြေမပြုသော နိုင်ငံရေး မူဝါဒ၊ အယူအဆ၊ လမ်းစဉ်အပေါ်
အခြေပြုသော နိုင်ငံရေး ပါတီများ ဖွဲ့စည်းနိုင်ရေး တာဝန်သည် ၈၈
မျိုးဆက်များ၏ ပခုံးပေါ်သို့ ကျရောက်လာနေပြီဟု ယေဘုယျ သုံးသပ်နိုင်သည်။ ၈၈
မျိုးဆက်များ ဆိုသည်မှာ လက်ရှိ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)၊ နိုင်ငံရေး
အကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားများ အဖွဲ့ချုပ် အပါအ၀င်
အနယ်နယ် အရပ်ရပ်ရှိ နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းများ၌
ရပ်တည်ပါဝင်လျက်ရှိသော ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးတွင် တက်ကြွစွာ
ပါဝင်လှုပ်ရှားခဲ့သည့် ကျောင်းသားများ၊ လူငယ်များကို ဆိုလိုခြင်းဖြစ်သည်။
အဆိုပါ မျိုးဆက်များသည် လာမည့် ၁၀ စုနှစ်များအတွင်း မြန်မာ့နိုင်ငံရေး
တာဝန်ကို ရယူနိုင်ရေးအတွက် လိုအပ်သော ပုဂ္ဂိုလ်ရေးနှင့် အဖွဲ့အစည်းပုံစံ
တည်ဆောက်မှုများကို ယခုအချိန် ကတည်းက စနစ်တကျ စတင်ဖော်ဆောင်နိုင်ရန်
အရေးတကြီး လိုအပ်လျက် ရှိနေသည်။
လက်ရှိ မြန်မာ့နိုင်ငံရေး၏
အဆုံးအဖြတ် နေရာကို တရွေ့ရွေ့ ရယူလာနိုင်ဖွယ်ရှိနေသော
တိုင်းရင်းသားနိုင်ငံရေး ပါတီများကိုကြည့်လျှင် ပုဂ္ဂိုလ်ရေးအပေါ်
အခြေခံမှုနည်းပြီး မူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်အပေါ် အခြေခံထားသည်ကို
တွေ့ရသော်လည်း ပြည်နယ်များတွင်သာ အခြေပြု တည်ဆောက်နိုင်သည်ကို တွေ့ရသည်။
တိုင်းဒေသကြီးများကို အခြေပြု ဖွဲ့စည်းထားသော ပါတီများတွင်မူ မူဝါဒ၊
လမ်းစဉ်၊ လုပ်ငန်းစဉ် အပိုင်းတို့တွင် အားနည်းပြီး ပါတီခေါင်းဆောင်များ၏
ပုဂ္ဂိုလ်ရေး သြဇာအရှိန်အ၀ါ တည်ဆောက်မှုများသည် ပါတီတွင်း မူဝါဒရေးရာ
တည်ဆောက်မှုထက် ပိုမိုအားကောင်း နေသည်မှာလည်း မဖြစ်သင့် မဖြစ်ထိုက်သော
ကိစ္စဖြစ်သည်။
မကြာသေးမီက စတင်ဖွဲ့စည်းခွင့် ရရှိထားသော
တိုင်းရင်းသားနိုင်ငံရေး ပါတီများ စုပေါင်းဖွဲ့စည်းထားသည့် ဖက်ဒရယ်
ပြည်ထောင်စုပါတီ အနေဖြင့် ပြည်နယ်များတွင်သာမက တိုင်းဒေသကြီးများတွင်လည်း
ပါတီတည်ဆောက်ရေး လုပ်ငန်းများကို စနစ်တကျ ဖော်ဆောင်နိုင်ပြီး
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားပြု ရပ်တည်လာနိုင်မည် ဆိုပါက
မြန်မာ့နိုင်ငံရေး အနာဂတ်နှင့် ဒီမိုကရက်တစ် နိုင်ငံရေးအတွက် အားကိုးအားထား
ပြုလာနိုင်မည် ဖြစ်သဖြင့် အားတက်ဖွယ်ဖြစ်သည်။
ထိုနည်းတူ ၈၈
မျိုးဆက်များအပေါ် အခြေပြုလျက် ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်နေသော လူ့ဘောင်သစ်
ဒီမိုကရက်တစ် ပါတီသည်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စနစ်တကျ
တည်ဆောက်လာနိုင်မည်ဆိုလျှင် မြန်မာ့ဒီမိုကရက်တစ် နိုင်ငံရေး
အခင်းအကျင်းအတွက် အားတက်ဖွယ် ဖြစ်သည်။ ဒီမိုကရက်တစ် နိုင်ငံရေးတွင်
နိုင်ငံရေး ပါတီများခြင်းကို အပြစ်တင်ခြင်းထက် ကြိုဆိုရမည်သာ ဖြစ်သည်။
ပြည်သူလူထု၏ ထောက်ခံမှု မရရှိသော နိုင်ငံရေး ပါတီများသည် အချိန်ကာလ
တစ်ခုတွင် ဖျက်သိမ်းခြင်း၊ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပေါင်းစည်းခြင်းများ
ဖြစ်လာမည်မှာ အသေအချာ ဖြစ်သည့်အလျောက် ပါတီတည်ဆောက်ရေးနှင့်
လူထုကိုယ်စားပြုရေး တို့တွင်သာ ယှဉ်ပြိုင်လာရဖွယ် ရှိနေသည်။
ပွင့်ပွင့်လင်းလင်း ဆွေးနွေးမည်ဆိုလျှင် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်သည် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအပေါ်တွင်
မှီခိုရပ်တည်နေရသော အနေအထားကို ယနေ့အချိန်အထိ ပြင်ဆင်ပြောင်းလဲနိုင်ခြင်း
မရှိသေးသည့်အပြင် လာမည့်ကာလများ၌ ပြုပြင်၊ ပြင်ဆင်လာနိုင်ရန် လိုအပ်သော
အစီအမံများ ဆောင်ရွက်ခြင်းကိုလည်း ပွင့်လင်းမြင်သာစွာ မတွေ့ရသဖြင့်
အလွန်အမင်း စိုးရိမ်မိသည်။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အသက်အရွယ်
ကြီးရင့်လာနေသည့် အချိန်တွင် ဒီချုပ်ပါတီသည် အောက်ခြေပြည်သူ လူထုအတွင်း
ပါတီတည်ဆောက်ရေးကို စနစ်တကျ ဖော်ဆောင်သင့်သည့်အပြင်
ဒေါ်အောင်ဆန်းစုကြည်အလွန် မြန်မာ့နိုင်ငံရေး ခရီးအတွက် အခြေခံကောင်းများ၊
အုတ်မြစ်ကောင်းများကို ယခုကတည်းက စတင်တည်ဆောက်နိုင်ရန် အရေးတကြီး
လိုအပ်လျက် ရှိနေသည်။
လက်ရှိ အနေအထားတွင် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်အပေါ် ပြည်သူလူထု၏ ထောက်ခံမှုသည် ပါတီအပေါ် မူဝါဒ၊ လမ်းစဉ်အရ
ယုံကြည်ထောက်ခံမှုထက် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ထောက်ခံမှုက ပိုမို
အလေးသာနေသည်မှာ အထင်အရှား ဖြစ်သည်။ မြန်မာ ပြည်သူလူထု အနေဖြင့်
ဒေါ်အောင်ဆန်းစုကြည်ကို ပုံအောထောက်ခံခြင်းတွင် အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဖြစ်ခြင်းသည် အဓိကနေရာတွင် ရှိနေသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်နှင့်
လူမျိုးအပေါ် အနစ်နာခံ စွန့်လွှတ်မှုကို ယနေ့တိုင် မမေ့နိုင် အသိအမှတ်ပြုလျက်
ရှိခြင်းနှင့် ပြည်သူလူထု၏ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ချစ်စိတ်တို့သည်
ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှုနှင့် ယုံကြည်အားကိုးမှုကို ဖြစ်စေသည့်
အဓိက တွန်းအားများပင် ဖြစ်သည်။ တစ်ဖက်တွင်လည်း မြန်မာပြည်သူ လူထုအတွက်
ဒေါ်အောင်ဆန်းစုကြည်မှတစ်ပါး အခြားရွေးချယ်စရာ ခေါင်းဆောင်မရှိသည်မှာလည်း
ပကတိ အနေအထားပင် ဖြစ်သည်။
အကယ်စင်စစ် မြန်မာ့နိုင်ငံရေးသည်
ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း အပေါ်တွင် တည်မှီနေရခြင်းမှာ နိုင်ငံရေး
စိုးရိမ်ရေမှတ် တစ်ခုကို ကျော်လွန်နေသည်ဟုလည်း မှတ်ချက်ပြုနိုင်သည်။
ဒီမိုကရက်တစ် လူမှုအဖွဲ့အစည်းတွင် နိုင်ငံရေး ပါတီများသည် လူပုဂ္ဂိုလ်ဝင်ရိုး
တစ်ခုတည်း အပေါ်၌ တည်မှီနေခြင်းသည် ကြောင်းကျိုးဆီလျော်မှု
နည်းပါးလွန်းသည်ဟု သုံးသပ်နိုင်သည်။ လက်ရှိမြန်မာ့နိုင်ငံရေးတွင်
ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မူဝါဒ၊
လမ်းစဉ်တို့အပေါ် အခြေပြုသည့် နိုင်ငံရေး ပါတီတစ်ခုအဖြစ် အလျင်အမြန်
ပြောင်းလဲနိုင်ရန် ပြင်ဆင်ဆောင်ရွက်သင့်သည်။ ပါတီ၏ ဖွဲ့စည်းပုံ
စည်းမျဉ်းကို စနစ်တကျ အသေးစိတ် ပြုပြင်ရေးဆွဲ အတည်ပြုပြီး ဖွဲ့စည်းပုံ
စည်းမျဉ်းပါ မူဝါဒ၊ လမ်းစဉ်၊ သဘောထား၊ တာဝန်၊ လုပ်ပိုင်ခွင့်များနှင့်အညီ
ပါတီကို ပြန်လည်တည်ဆောက်ရမည်မှာ ဒီချုပ်အတွက်သာမက မြန်မာ့ဒီမိုကရေစီ
အပြောင်းအလဲ အတွက်လည်း သေရေးရှင်ရေး ကိစ္စဟု ထင်မြင်မိသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ
ပါတီညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်မှ ရွေးချယ်ပြီး ဗဟိုကော်မတီ၏
အတည်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့သော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို
ဒီမိုကရေစီနည်းကျ အများဆန္ဒနှင့်အညီ ပြန်လည်ရွေးချယ် ဖွဲ့စည်းနိုင်ရန်
လိုအပ်လျက် ရှိသည့်အပြင် ပါတီဗဟို အလုပ်အမှုဆောင်များ၊ ပါတီဗဟို
ကော်မတီဝင်များ၏ အခန်းကဏ္ဍ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို စနစ်တကျ
သတ်မှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမြော်အမြင် ကြီးမားသော
ခေါင်းဆောင်မှုအောက်တွင် လူပုဂ္ဂိုလ် အခြေပြု နိုင်ငံရေး ပါတီပုံစံမှ မူဝါဒ၊
လမ်းစဉ်အခြေပြု နိုင်ငံရေးပါတီ ပုံစံသို့ စနစ်တကျ
ပြောင်းလဲတည်ဆောက်နိုင်ရန် အရေးတကြီး လိုအပ်လျက် ရှိနေသည်ဟု သုံးသပ်မိသည်။
ဒီချုပ်ပါတီကို လမ်းစဉ်၊ မူဝါဒ အခြေပြု နိုင်ငံရေး ပါတီအဖြစ်
ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်တွင် စနစ်တကျ
ပြောင်းလဲတည်ဆောက်နိုင်ခြင်း မရှိလျှင် ဒေါ်အောင်ဆန်းစုကြည်အလွန်
မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ဒီချုပ်အနေဖြင့် လုံးပါးပါးလာနိုင်ဖွယ်
ရှိသည့်အလျောက် ဒီမိုကရက်တစ် အင်အားစုများအတွက် အကျိုးထက်
အဆိုးဖြစ်လာနိုင်ဖွယ် ရှိသည်မှာ အထင်အရှား ဖြစ်သည်။
ဒီချုပ်ပါတီ၏
ဗဟိုအလုပ် အမှုဆောင် အဖွဲ့ကို ဗဟိုကော်မတီ အစည်းအဝေးမှတစ်ဆင့်
အများဆန္ဒနှင့်အညီ လွတ်လပ်တရားမျှတစွာ ဆန္ဒမဲပေးကာ ဒီမိုကရေစီနည်းကျ
ရွေးချယ်ဖွဲ့စည်းပြီးမှသာ ဒေါ်အောင်ဆန်းစုကြည်၏ အမြော်အမြင်ကြီးမားသော
ခေါင်းဆောင်မှု အရိပ်ကိုခိုလှုံလျက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို
ဒေါ်အောင်ဆန်းစုကြည်အပေါ် လုံးလုံးတည်မှီနေရသော ပါတီအဖြစ်မှ ပါတီဖွဲ့စည်းပုံ၊
ပါတီမူဝါဒ၊ လမ်းစဉ်၊ ဗဟိုအလုပ် အမှုဆောင်အဖွဲ့၊ ပါတီဗဟို ကော်မတီတို့အပေါ်
အခြေပြု ရပ်တည်သော နိုင်ငံရေးပါတီအဖြစ် စနစ်တကျ စီမံချက်ချမှတ်
ပြောင်းလဲတည်ဆောက်သင့်ကြောင်း ပြည်သူလူထု အကျိုးမျှော် နှိုးဆော်လိုပါသည်။
ဒီချုပ်ပါတီတွင်း ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုများကို
ဖော်ဆောင်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် သူမအလွန် မြန်မာ့နိုင်ငံရေး
အခင်းအကျင်းအတွက် အုတ်မြစ်ချ၊ မျိုးစေ့ချပေးသည့် အနေဖြင့် ၁၉၈၈ ခုနှစ်
အရေးတော်ပုံ ကာလမှ ကျောင်းသားများ၊ လူငယ်များအားလုံး ပါဝင်သည့် ၈၈ မျိုးဆက်
နိုင်ငံရေးပါတီများ တည်ထောင်နိုင်ရေးကိုလည်း စနစ်တကျ ဦးဆောင်၊ လမ်းညွှန်
ကူညီပေးသင့်သည်ဟု ထင်မြင်မိသည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏
ရေရှည်ခိုင်မာမှု၊ အာဏာရှင်စနစ်သို့ ပြန်လည်ဦးတည်နိုင်မှုတို့သည်
မြန်မာ့နိုင်ငံရေး စင်္ကြံလမ်းပေါ်ရှိ နိုင်ငံရေး ပါတီများ၏ စံနှုန်းများ၊
အရည်အသွေးများနှင့် တိုက်ရိုက်ဆက်စပ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်
အနေဖြင့် မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်တွင် အသက် ၄၀ နှင့် ၅၀ အကြား
နိုင်ငံရေး သမားကောင်းများ၊ အဆိုပါ နိုင်ငံရေး သမားကောင်းများဖြင့်
ဖွဲ့စည်းမည့် နိုင်ငံရေး ပါတီကောင်းများ ပေါ်ပေါက်နိုင်ရေးကို အထူးအလေးထား
အားပေးသင့်သည်ဟု ထင်မြင်မိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမအလွန်
မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ အားနည်းချက်များ၊ ဘေးဖြစ်နိုင်မှုများကို
ယခုအချိန် ကတည်းက စနစ်တကျ ချဉ်းကပ်ဆန်းစစ်ထားရန် လိုအပ်သည့်အပြင် အဆိုပါ
အားနည်းချက်များ၊ ဘေးများကို ကျော်ဖြတ်နိုင်ရန် လိုအပ်သည့် စနစ်ကျ
အားကောင်းသော နိုင်ငံရေးပါတီ အဖွဲ့အစည်းများ စနစ်တကျ တည်ဆောက်ရေးကို
မျက်ခြည်မပြတ်သင့်ဟု ဆော်သြလိုပါသည်။
ဒီမိုကရက်တစ် နိုင်ငံရေးတွင်
ခေါင်းဆောင်များ အနေဖြင့် ဘက်ပေါင်းစုံ ဝေဖန်ရေး ယဉ်ကျေးမှု အားကောင်းအောင်
ထူထောင်ရမည့်အပြင် ပြည်သူလူထုနှင့် အောက်ခြေ၏ အသံကို ထင်ဟပ်နိုင်မည့်
သတင်းမီဒီယာများကိုလည်း မျက်ခြည်မပြတ်ရန် လိုအပ်သည်ဟု ထင်မြင်မိသည်။
ဝေဖန်ရေး ယဉ်ကျေးမှုကို လျစ်လျူရှုခြင်း၊ အောက်ခြေ၏ အသံကို
နားထောင်နိုင်စွမ်း မဲ့ခြင်းတို့ကို အကြောင်းပြုလျက်
နိုင်ငံ့ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များသည် ပြည်သူလူထုကို အထင်သေး၊
လျှော့တွက်လာတတ်ပြီး ဒီမိုကရက်တစ် နိုင်ငံရေး လမ်းကြောင်းပေါ်တွင် အာဏာရှင်
စနစ်၏ မျိုးစေ့များကို ချမှန်းမသိ၊ ချမိနေတတ်သည်ကိုလည်း
သမိုင်းသင်ခန်းစာများကို ဆင်ခြင်လျက် အလေးအနက် ပြုသင့်ကြောင်း
နှိုးဆော်လိုပါသည်။
လက်ရှိနိုင်ငံရေး အခင်းအကျင်းတွင် ၁၉၈၈ ခုနှစ်
အရေးတော်ပုံ၌ ကျောင်းသား၊ လူငယ်များအဖြစ် ပါဝင်ခဲ့ကြသော ၈၈ မျိုးဆက်များ
အနေဖြင့် စနစ်ကျ အားကောင်းသော နိုင်ငံရေး ပါတီများ တည်ထောင်လျက်
ပြည်သူလူထုကို စနစ်တကျ ကိုယ်စားပြုနိုင်ရန် ပြင်ဆင်သင့်သည်ဟု ထင်မြင်မိသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတို့တွင်
အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး ယန္တရားတို့၌ ၈၈ မျိုးဆက်များ အရည်အသွေးပြည့်
ပြည်သူလူထု အကျိုးပြုနိုင်ရေး ရေရှည်ရည်မှန်းချက်ထားလျက် မြန်မာနိုင်ငံ
တစ်နံတစ်လျားရှိ ၈၈ မျိုးဆက်များ အနေဖြင့် လှည်းနေလှေအောင်း
မြင်းဇောင်းမကျန် ပြည်သူလူထု ကိုယ်စားပြု နိုင်ငံရေး ပါတီများ တည်ဆောက်ရေး
လုပ်ငန်းစဉ်တွင် အင်တိုက်အားတိုက် ပါဝင်သင့်ကြောင်း ဆော်သြတိုက်တွန်း
လိုပါသည်။
နိဂုံး
အချုပ်အားဖြင့်ဆိုသော် ၈၈ မျိုးဆက်များ
အနေဖြင့် နိုင်ငံရေးအရ ရေရှည်အမြင်ရှိသော မဟာဗျူဟာမြောက် ပြင်ဆင်မှုများကို
ယခုအချိန် ကတည်းက စတင်အုတ်မြစ် ချနိုင်မှသာ ဒေါ်အောင်ဆန်းစုကြည်အလွန်
နိုင်ငံရေးဖြစ်စဉ်၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂၀၂၅ ခုနှစ်
ရွေးကောက်ပွဲတို့တွင် ပြည်သူလူထုကို စနစ်တကျ၊ မဟာဗျူဟာမြောက်
ကိုယ်စားပြုလာနိုင်မည် ဖြစ်သည်။ ၈၈ မျိုးဆက် နိုင်ငံရေး ပါတီများသည်
ပါတီဝင် အရေအတွက် များရေးဆိုသည့် ပါတီနိုင်ငံရေး လမ်းရိုးလမ်းဟောင်းကြီးမှ
ခွဲထွက်လျက် ပါတီကို ပြည်သူလူထုအကြား ထောက်ခံမှု မြင့်မားရေးကို
အလေးထားသင့်သည်ဟု ထင်မြင်မိသည်။ ကိုယ်ကျင့်တရားနှင့် သိက္ခာအပေါ်
အလေးအနက်ထားသော ပြည်သူလူထုနှင့် အမျိုးသား အကျိုးစီးပွားကို ဦးတည်သော၊
အောက်ခြေပြည်သူ လူထုနှင့် တစ်သားတည်းဖြစ်သော ပါတီခေါင်းဆောင်များကို
ပါတီအဖွဲ့အစည်း အဆင့်ဆင့်တွင် ရွေးချယ်တာဝန် ပေးအပ်နိုင်ရမည့်အပြင် ၈၈
မျိုးဆက်များ၏ နိုင်ငံရေး ပါတီများ အားကောင်းမောင်းသန် လာရေးသည်
ရေရှည်မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အုတ်မြစ်ချခြင်း၊
မျိုးစေ့ချခြင်း ဖြစ်သည့်အလျောက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အစွမ်းကုန်
ကူညီအားပေး သင့်ပါကြောင်း ပြည်သူလူထု အကျိုးမျှော် နှိုးဆော်လိုက်ရပါသည်။
(၈-၈-၂၀၁၃ ရက်က ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သော
ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်
မိန့်ခွန်းပြောကြားစဉ်)
(Written by - ဒေါက်တာရန်မျိုးသိမ်း)
Eleven Media Group
No comments:
Post a Comment