လေဖြတ်ရောဂါ ခံစားနေရပြီး အသက်သေဆုံးခြင်း မရှိသေးသည့်လူနာတစ်ဦးအား စောင့်ရှောက်
မည့်သူ မရှိသောကြောင့်
မြိတ်မြို့ရှိ သင်္ချိုင်းဇရပ် တစ်ခုတွင် လာရောက် စွန့်ပစ်ခံထားရသူအား
တာဝန်ရှိသူများက ဆေးရုံသို့ ပြန်လည်ပို့ဆောင်
ပေးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၃ ရက်က ကန်ကြီးရပ်ကွက် ဘီလမ်းရှိ နေအိမ်ဟောင်း တစ်ခုတွင်
ဝင်ရောက်နေထိုင် နေသူတစ်ဦးမှာ လေဖြတ်ရောဂါ ခံစားနေရသောကြောင့် ဆေးရုံသို့
ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီးတင်ပို့ ပေးခဲ့ရကြောင်း သိရသည်။
ဆေးရုံသို့ တင်ပို့ပေးခဲ့ရသည့် လူနာမှာ ဆွေမျိုးမရှိဘဲ ရပ်ကွက်အတွင်းသို့
လာရောက်နေထိုင်သူ တစ်ဦးဖြစ်ကြောင်း သိရသည်။
''ဆေးရုံကို နိုဝင်ဘာ
၃ ရက်မှာတင်ပါတယ်။ လူနာကို ကူညီစောင့်ရှောက်ပေးဖို့ လူငှားပေးပါတယ်။
ဒါပေမဲ့ ဆေးရုံက ဘာမှမဖြစ်တဲ့ လူနာကို ဒီမှာထားခွင့် မရှိဘူးလို့ ပြောတယ်။
ပြီးတော့ လူနာကို လာခေါ်ဖို့ ထပ်ခါတလဲလဲ ပြောဆိုတာပါ။ တကယ်တော့ လူနာရှင်က
ကျွန်တော်တို့ မဟုတ်ပါဘူး။ ဆွေမျိုးတွေလည်း တစ်ယောက်မှ မရှိပါဘူး။
ဒါကြောင့် အစိုးရဆေးရုံကို တင်ပို့ပေးတာပါ။ ဒါကို ကျွန်တော်တို့ကို
ပြန်အပ်ပါတယ်။ လူနာက လမ်းတောင်မလျှောက်နိုင် တော့ပါဘူး။ ကျွန်တော်တို့က
အစိုးရဆေးရုံကတောင် ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်တော့ဘူးဆိုရင်
ကျွန်တော်တို့လည်း ဘယ်မှာသွားထား ရမလဲလို့ မေးခဲ့ပါတယ်။ ဒါလည်း လက်မခံတော့
ကျွန်တော်တို့ လူနာကို ပြန်ယူလာရပါတယ်။ လူနာကို နိုဝင်ဘာ ၇ ရက်မှာ
ဆေးရုံကနေ ပြန်ယူလာရပြီး ကလွင်-ဘာသာပေါင်းစုံ သင်္ချိုင်းက
တရုတ်သင်္ချိုင်းဇရပ်မှာ သွားရောက် ထားရစ်ခဲ့ရတာပါ'' ဟု ကန်ကြီးရပ်မှ
ကူညီပေးခဲ့သူ တစ်ဦးက ပြောကြားသည်။
အဆိုပါလူနာမှာ အသက် ၃၀
ဝန်းကျင်ခန့် ရှိကြောင်း အရက်သောက်သုံးမှု များသောကြောင့် လေဖြတ်သွားခြင်း
ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
''ကျွန်တော်တို့ ကျေးရွာက
ဇရပ်ကို ညနေပိုင်းမှာ လူခြောက်ယောက် လောက်ကလာပြီး စွန့်ပစ်သွားတာပါ
သူနဲ့အတူ အချိုရည်ဘူးတွေလည်း ထားပေးခဲ့ပါတယ်။ အရင်ကလည်းဒီလိုပဲ အရှင်လတ်လတ်
လာစွန့်ပစ်သွားပြီး သေဆုံးသွားလို့ ကျွန်တော်တို့
သဂြုင်္ိလ်ပေးလိုက်ရပြီးပါပြီ'' ဟု ကလွင်ကျေးရွာ နေထိုင်သူတစ်ဦးက
ပြောကြားသည်။
နိုဝင်ဘာ ၇ ရက်က အစိုးရဆေးရုံမှ လက်မခံသောကြောင့်
လာရောက် စွန့်ပစ်ခံခဲ့ရသည့် လူနာအကြောင်း မြိတ်မြို့နေ လူမှုကွန်ယက်
ဖေ့ဘွတ်သုံးစွဲ သူများအကြား သတင်းပြန့်နှံ့ ခဲ့ပြီးနောက် တာဝန်ရှိသူများက
နိုဝင်ဘာ ၁၀ ရက် ည ၁၀ နာခွဲခန့်တွင် လာရောက်ယူဆောင်သွားပြီး ဆေးရုံသို့
ပြန်လည်တင်ပို့ ပေးခဲ့ကြောင်း သိရသည်။
Eleven Media Group

No comments:
Post a Comment