ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ဒေသန္တရ
အုပ်ချူပ်ရေးပိုင်းဆိုင်ရာတွေကို လာရောက်လေ့လာနေကြတဲ့ မြန်မာနိုင်ငံက
လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတွေ
ခေါင်းဆောင်တွေဟာ ချင်းမိုင်မြို့က မြို့တော်ဝန်ရွေးကောက်ပွဲကို
နိုဝင်ဘာ ၃ ရက်နေ့က သွားရောက်လေ့လာခဲ့ကြရာမှာ ရွေးကောက်ပွဲရဲ့
ပွင့်လင်းမြင်သာမှုရှိတာတွေ၊ မြန်မာနိုင်ငံနဲ့ မတူညီတာတွေ တွေ့ခဲ့တယ်လို့
သိရပါတယ်။
ချင်းမိုင်မြို့တော်ဝန်နေရာကို ကိုယ်စားလှယ်လောင်း ၆
ဦးက ၀င်ရောက်အရွေးခံခဲ့တာဖြစ်ပြီး လေ့လာတွေ့ရှိမှုတွေနဲ့ ပတ်သက်ပြီး
သွားရောက်လေ့လာခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ် SNLD
ပါတီက ဦးစိုင်းလင်းမြတ် အခုလို ပြောပါတယ်။
“မဲပေးတဲ့ကိစ္စတစ်ခုကို သာမာန်ကိစ္စတစ်ခုလိုပဲဗျ၊
ထူးခြားတာတစ်ခုကပေါ့နော်၊ ကျနော်တို့ သွားကြည့်တဲ့ မဲရုံမှာတချို့က
မဲကို ဒီအတိုင်းပဲထည့်သွားတယ်ဗျ၊ ဘာမှ မရေးဘူးပေါ့နော်၊
သူတို့ပြန်ပြီးတော့ မဲစစ်တဲ့အချိန်မှာ သူတို့ပြပါတယ်၊ ဒါက ဗလာပေါ့နော်၊
ဘာမှ မခြစ်သွားပါဘူးဆိုတဲ့ဟာမျိုး သူတို့ပြတယ်၊ အဲ့တော့
နိုင်ငံသားတစ်ယောက်က မဲပေးရမယ်ဆိုတဲ့အသိ သူတို့မှာရှိတယ်ပေါ့နော်၊
အဓိကတော့ ဒီမှာ ပွင့်လင်းမြင်သာမှုကို အဓိကဦးစားပေးသွားတယ်၊
ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်အကြောင်းအရာမဆို အချိန်မရွေး
တိုက်ရိုက်ဝင်ရောက်ဆွေးနွေးနိုင်တယ် မေးမြန်းနိုင်တယ်ပေါ့နော်၊
မဲရုံကိစ္စမှာ မဲရွေး တာ၊ မဲပေးတာ၊ မဲရုံအနေအထားကအစ အကုန်လုံးသူတို့က
Open Type ပဲဗျ၊ ကျနော်တို့ဆီမှာလည်း အဲ့ဒီလိုမျိုး
ဖြစ်စေချင်တယ်ပေါ့နော်”
ချင်းမိုင်မြို့တော်ဝန်
ရွေးကောက်ပွဲအတွက် မဲရုံတွေမှာထားရှိတာတွေ၊ မဲပေးတဲ့ပုံစံတွေဟာလည်း
မြန်မာနိုင်ငံနဲ့မတူညီပဲ ထူးခြားမှုတွေကိုလည်း တွေ့ရတဲ့အကြောင်း
ဦးစိုင်းလင်းမြတ် က ဆက်ပြောပါတယ်။
“အကုန်လုံးဒေါင့်စေ့အောင်
သူတို့လုပ်ထားတာလေးတွေ မြင်ရပါတယ် ၊ ပြီးတော့ မဲပေးတဲ့နေရာမှာဆိုရင်
ထူးခြားတာတစ်ခုက အကယ်၍ မဲဆန္ဒပေးဖို့ တစ်ယောက်မှမကြိုက်လို့ရှိရင်
အောက်မှာ အကွက်လေးတစ်ကွက် ပေးထားတယ်ဗျ၊ No Vote ဆိုတဲ့ အကွက်လေးပေါ့နော်၊
ပြီးတော့ သူတို့မဲရုံရဲ့ အရှေ့မှာလည်း အချက်အလက်တွေ အပြည့်အစုံ၊
မဲပေးခွင့်ရှိတဲ့ လူစာရင်းတို့၊ ကိုယ်စားလှယ်လောင်းရဲ့ ရုပ်ပုံနဲ့
သူ့ရဲ့ Biography တွေဘာတွေ၊ အကုန်ပြထားတယ်၊ ညနေပိုင်း
မဲရုံပိတ်တဲ့အချိန် သူက ၃ နာရီပိတ်တယ်ဗျ၊ ထူးဆန်းတာပေါ့နော်၊
ကျနော်တို့ဆီမှာ ၆ နာရီလားမသိဘူး၊ အဲ့လို ပိတ်တယ်ပေါ့နော်။ ၃
နာရီကျော်တာနဲ့ ချက်ချင်းပိတ်လိုက်ပြီးတော့ လာတဲ့လူကိုလည်း သူတို့
လက်မခံတော့ဘူး၊ ပြီးတော့ လူတွေရှေ့မှာပဲ မဲတွေကို
တစ်စောင်ချင်းရေပြတာပေါ့နော်၊ ချက်ချင်း Record လုပ်တယ်၊
သတင်းမီဒီယာတွေကိုလည်း တခါတည်း ဗီဒီယိုတွေရိုက်ခိုင်းတယ်၊
ထူးခြားတာတစ်ခုက မဲလာပေးတဲ့ တစ်ရက်လုံးကို သူတို့က
မဲဆွယ်ခွင့်မရှိပေါ့၊ ကျနော်တို့ မြန်မာပြည်ကတော့ မဲရုံဧရိယာနဲ့ ဂိုက်
၅၀၀ လားမသိဘူး၊ အဲ့ဒါလေး နည်းနည်းကွာသလားလို့ပေါ့၊ သူတို့က
တစ်နေကုန်လုံးမှာ လုံးဝ စပီကာလည်း ဖွင့်လို့မရ ဘူး၊ ဘာမှ
လုပ်လို့မရဘူး၊ မဲလည်းဆွယ်လို့မရဘူးပေါ့နော်”
သူတို့တွေဟာ
လာမယ့် နိုဝင်ဘာ ၁၀ ရက်နေ့မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့
ဘန်ကောက်မြို့တော်ဝန်ရုံးအပါအ၀င် ထိုင်းလွှတ်တော်ကိုလည်း
သွားရောက်လေ့လာကြမှာဖြစ်တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံက
လွှတ်တော်ကိုယ်စားလှယ်တွေအပါအ၀င် တိုင်းရင်းသားဒေသက
နိုင်ငံရေးပါတီခေါင်းဆောင်တွေကို ထိုင်းနိုင်ငံရဲ့ဒေသန္တရ
အုပ်ချုပ်ရေးစနစ်တွေ လာရောက်လေ့လာနိုင်ဖို့အတွက် ထိုင်းနိုင်ငံ
ချင်းမိုင်အခြေစိုက် ဗဟုဖွံ့ဖြိုးမှုအဖွဲ့နဲ့ ချင်းမိုင်တက္ကသိုလ်က
စီစဉ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
RFA
No comments:
Post a Comment