မန္တလေးမြို့တော်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့က နေရာသုံးနေရာ၌ လုယက်မှု သုံးမှု
ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အချိန်ပိုင်းအတွင်း
အမှုနှစ်မှုမှ တရားခံများကို ဖမ်းဆီး ရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင် ရပ်ကွက် (၆၃x၃၁)
လမ်းထောင့် နယူးစီပီလိုင်း ဈေးတွင် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၄၅
မိနစ် အချိန်တွင် သားငါးရောင်းသူ၏ ပိုက်ဆံအိတ်အား အမျိုးသမီးနှစ်ဦးက
ဆိုင်ကယ်ဖြင့် ဆွဲယူထွက်ပြေး သွားသဖြင့် သတင်းအရ နယ်မြေခံ ရဲစခန်းက လိုက်လံ
စုံစမ်းစစ်ဆေးရာ ယင်းနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင်
ချမ်းအေးသာစံမြို့နယ်၂၆x၆၃ လမ်းထောင့်၌ ပိုက်ဆံအိတ် လုယူ ထွက်ပြေးသွားသည့်
အဆိုပါ အမျိုးသမီး နှစ်ဦးကို သက်သေခံ ဆိုင်ကယ်နှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းပြစ်မှု ကျူးလွန်သူ မယဉ်တိုး ၂၂ နှစ်နှင့် မစန္ဒာ
၃၈ နှစ်တို့ကို ချမ်းအေးသာစံမြို့နယ် အမှတ် (၃) ရဲစခန်းက (ပ) ၄၆၄/၂၀၁၃
ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း အဆိုပါ
ရဲစခန်းထံမှ ထပ်မံသိရှိရသည်။
ယင်းအပြင် နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၆
နာရီ အချိန်ခန့်က အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်နေ ဒေါ်ဝါဝါထွေး ၄၂
နှစ်သည် ၆၆ လမ်းအတိုင်း ဆိုင်ကယ် မောင်းနှင်လာစဉ် ဆိုင်ကယ် စီးလာသူ
အမျိုးသားနှစ်ဦးက ၎င်း၏ ပိုက်ဆံအိတ်အား လုယူ ထွက်ပြေးသွားခဲ့ပြီး အဆိုပါ
တရားခံများအား တစ်နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူ
မြင့်မြတ်ကောင်း (၂၂ နှစ်) နှင့် ချမ်းမြေ့သိန်း (၂၄ နှစ်) တို့ကို
အောင်မြေသာစံမြို့နယ် အမှတ်(၁) ရဲစခန်းက (ပ) ၂၀၂/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၂ အရ
အမှုဖွင့် စစ်ဆေးနေကြောင်း နယ်မြေခံ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
မဟာအောင်မြေမြို့နယ် (၆၆x၄၀) လမ်းထောင့်တွင်လည်း နိုဝင်ဘာလ ၂၂ ရက်နေ့
မွန်းလွဲ ၁ နာရီ အချိန်တွင် မခင်မာမြင့် ၃၆နှစ် (တောင်သူ)၊
နောင်ချိုမြို့နယ် နေသူသည် လမ်းဘေးတွင် ဖုန်းဖြင့် ဂိမ်းကစားနေစဉ် လော့ဂျား
ပန်းဆီရောင် ဆိုင်ကယ် စီးလာသည့် အမျိုးသားနှစ်ဦး ၎င်းအနီးသို့
ရောက်ရှိလာပြီး ဆိုင်ကယ်နောက်မှ စီးလာသူက မခင်မာမြင့်၏ လက်ကိုင်ဖုန်းအား
ဆွဲယူ ထွက်ပြေး သွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
စုံစမ်းသိရှိရသည်။
ဖုန်းဆွဲယူ ထွက်ပြေးသွားသူ နှစ်ဦးအား
မဟာအောင်မြေ မြို့မရဲစခန်းတွင် (ပ) ၇၇၈/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့်
စစ်ဆေးလျက်ရှိပြီး တရားခံ ဖမ်းဆီးရမိခြင်း မရှိသေးသည့် ယင်းအမှုကို
စုံစမ်းဖော် ထုတ်နေကာ အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် မျက်မြင်သက်သေများ
အနေနှင့်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ပါဝင်ရန်
လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
“မန္တလေးမှာက ဆိုင်ကယ်မောင်းရင်းနဲ့ကို
ကြုံရင်ကြုံသလို ပိုက်ဆံအိတ်ကို ဆွဲပြီးပြေးတယ်။ ဆွဲကြိုး ဖြတ်ပြေးတယ်။
လူရှုပ်တဲ့နေရာတွေ၊ ဈေးတွေမှာ
ဆိုရင် ခဏခဏ ကြားနေရတယ်။ ပိုက်ဆံအိတ်
ပျောက်လို့ ရဲစခန်းကို သွားပြီး အမှုဖွင့်တယ်။ နောက်ပိုင်း ဘာထူးလဲလို့
မေးတယ်။ ဘာမှမထူးဘူး” ဟု ပိုက်ဆံအိတ် လုယက်ခံရမှု ကိုယ်တိုင် ကြုံတွေ့ခဲ့သူ
ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သော အသက် ၄၀ နှစ်ခန့်ရှိ
အမျိုးသမီးတစ်ဦးက ဆိုသည်။
The Voice Weekly
No comments:
Post a Comment