IT နည်းပညာပိုင်းနှင့် ဆက်နွယ်သည့် အလုပ်တစ်ခုကို စနိုးဒင်းတွက် ရုရှားက
ဖန်တီးပေးလိုက်ပြီဟု ၎င်း၏ရှေ့နေဖြစ်သူ
အန်တိုလီ ကူချာရာနာက ပြောကြားခဲ့
မော်စကိုတွင် အလုပ်ရသွားပြီဖြစ်သည့် စနိုးဒင်း
အမေရိကန်ပြည်ပြေး အက်ဒွပ်စနိုးဒင်းသည် ယာယီနိုင်ငံရေး ခိုလှုံခွင့်
တောင်းခံထားရာ ရုရှားနိုင်ငံတွင် အလုပ်တစ်ခု ရသွားပြီ ဖြစ်သည်။ NSA
ဝန်ထမ်းဟောင်း စနိုးဒင်းသည် အမေရိကန်၏ အလိုလားဆုံး ပစ်မှတ်တစ်ခု
ဖြစ်နေသည့်တိုင် ရုရှားအစိုးရက ၎င်းကို အကာအကွယ် ပေးခဲ့ရာ နှစ်နိုင်ငံ
ဆက်ဆံရေး တင်းမာမှုများပါ ဖြစ်ပေါ်စေခဲ့သည်။ ယခုအခါတွင်မူ IT
နည်းပညာပိုင်းနှင့် ဆက်နွယ်သည့် အလုပ်တစ်ခုကို စနိုးဒင်းတွက် ရုရှားက
ဖန်တီးပေးလိုက်ပြီဟု ၎င်း၏ရှေ့နေဖြစ်သူ အန်တိုလီ ကူချာရာနာက ပြောကြားခဲ့သည်။
CNNနှင့် အင်တာဗျူးတွင် ကူချာရာက ၎င်း၏ အမှုသည် အနေဖြင့် နိုဝင်ဘာလ
(၁)ရက်နေ့တွင် စတင်၍ အလုပ်ဆင်းမည်ဟု ပြောဆိုသွားသည်။
အမေရိကန်
အစိုးရ၏ ထောက်လှမ်းရေး သတင်းအချက်အလက် စုဆောင်းသူ ဝန်ထမ်းဟောင်းသည်
ဝက်ဘ်ဆိုက် တစ်ခု၏ ထိန်းသိမ်းစီမံမှု တာဝန်ကို ယူရမည်ဖြစ်ကြောင်းလည်း
ကူချာရာနာက ရုရှားအစိုးရပိုင် RIA Novosti သတင်းဌာနသို့ အတည်ပြုခဲ့သည်။
သို့သော်လည်း စနိုးဒင်း အလုပ်လုပ်သည့် ဝက်ဘ်ဆိုက်၏ အမည်ကိုမူ လုံခြုံရေး
အကြောင်းပြချက်ကြောင့် ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ချေ။ စနိုးဒင်းသည်
မျက်ကွယ်တွင် အမေရိကန် အစိုးရက သူလျှိုမှုဖြင့် စွဲချက်တင်ခြင်းကို
ခံထားရသူလည်း ဖြစ်သည်။
စနိုးဒင်းသည် ကြာသပတေးနေ့က မော်စကိုတွင်
ဂျာမန် အမတ်တစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ
တွေ့ဆုံမှုအတွင်း စနိုးဒင်းသည် ဂျာမန်လွှတ်တော်သို့ ရည်ရွယ်သည့်
စာတစ်စောင်ကိုလည်း လက်ဆင့်ကမ်းပေးလိုက်ကြောင်း ဂျာမန်အမတ် ဟန်းစ်ခရစ္စတန်
စထရိုဘီလီက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။ ဂျာမနီသည် ၎င်းတို့၏
ဝန်ကြီးချုပ်ဖုန်းကို အမေရိကန် ထောက်လှမ်းရေးက ကြားဖြတ်နားထောင်ကြောင်း
စွပ်စွဲမှုများကြောင့် မဟာမိတ် အမေရိကန် နိုင်ငံနှင့် လတ်တလော ဆက်ဆံရေး
တင်းမာလျှက်ရှိသည်။
Planet Myanmar Network
No comments:
Post a Comment