Pages

23.11.13

မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌရာထူး ရယူချိန်၌ အာဆီယံထိပ်သီး အစည်းအဝေးများ ကျင်းပရာတွင် အသုံးပြုရန် ကျပ် ၃၃ ဒသမ ၄ ဘီလျံအား ဘတ်ဂျက်အဖြစ် သမ္မတရုံးကခွင့်ပြု

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်၍ အာဆီယံ ဥက္ကဋ္ဌရာထူး တာဝန်အား စတင်ထမ်းဆောင်မည့် မြန်မာနိုင်ငံ အနေဖြင့်
အာဆီယံထိပ်သီး အစည်းအဝေးများ ကျင်းပရန်အတွက် ကျပ် ၃၃ ဒသမ ၄ ဘီလျံအား နိုင်ငံတော် သမ္မတရုံးက ဘတ်ဂျက်အဖြစ် ခွင့်ပြုချက် ချပေးခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထူးက နိုဝင်ဘာ ၂၂ ရက်က ပြောကြားသည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး နေရာအား ယခင်က ရယူခြင်း မရှိခဲ့သည့် မြန်မာနိုင်ငံအနေနှင့် လက်ရှိဥက္ကဋ္ဌရာထူး ရယူချိန်တွင်မူ ဆင်းရဲမွဲတေမှု မြင့်မားနေပြီး တစ်ဦးကျဝင်ငွေ နည်းပါးသော မြန်မာပြည်သူများက မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌ ရာထူးရယူမှုအပေါ် စိတ်ဝင်စားမှု နည်းပါးနေကြောင်း သိရသည်။ အာဆီယံဥက္ကဋ္ဌရာထူး ရယူထားသော မြန်မာနိုင်ငံတွင် အာဆီယံထိပ်သီး အစည်းအဝေး ၁၀၀ ကျော်ခန့်အား ကျင်းပရမည်ဖြစ်ပြီး ထိုသို့ ချထားပေးသည့် ဘတ်ဂျက် ကျပ် ၃၃ ဒသမ ၄ ဘီလျံမှာ လုံလောက်မှု ရှိ၊ မရှိ ပြောဆိုနိုင်ခြင်း မရှိကြောင်း ဦးအောင်ထူးက ဆိုသည်။

''အာဆီယံထိပ်သီး အစည်းအဝေးမှာ သုံးစွဲမယ့် စရိတ်အတွက် သမ္မတရုံးကနေ ဘတ်ဂျက်အဖြစ် ၃၃ ဒသမ ၄ ဘီလျံ ရရှိထားပါတယ်။ ဒီငွေပမာဏက လုံလောက်ချင်မှလည်း လုံလောက်မယ်။ ပိုချင်လည်းပိုမယ်။ ဘတ်ဂျက် ခွင့်ပြုမှုဆိုတာ တစ်နှစ်သုံးခါ ရှိတာပဲ'' ဟု ဦးအောင်ထူးက ဆက်လက် ပြောကြားသည်။

ပြည်သူများ စိတ်ဝင်စားမှု နည်းပါးနေသည့် အာဆီယံ ဥက္ကဋ္ဌရာထူး ရယူရာတွင် ထိုသို့ ဘတ်ဂျက်ငွေ အမြောက်အမြား ချပေးခဲ့သော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍအတွက် ထိရောက်သော အကျိုးခံစားခွင့်များ ရှိမည်မဟုတ်ကြောင်း စီးပွားရေး ပညာရှင်တစ်ဦးက ပြောကြားသည်။

ထိုသို့ ဝေဖန်မှုများအပေါ် ဦးအောင်ထူးက ''အကျိုးမရှိဘူးလို့တော့ ပြောလို့မရပါဘူး။ အာဆီယံ အတွင်းမှာရှိတဲ့ ခရီးသွားတွေလည်း မြန်မာနိုင်ငံမှာ ကူးလူးသွားလာ နေတာပါပဲ။ ပြီးတော့ မြန်မာ့ဈေးကွက်မှာ ဆိုလည်း သန်း ၆၀ စာအတွက်ပဲ ရှာနိုင်တယ် ဆိုပေမယ့် အာဆီယံ ဈေးကွက်ကို လှမ်းနိုင်မယ့် အကျိုးကျေးဇူးတွေ ရှိပါတယ်'' ဟု ဦးအောင်ထူးက ဆက်လက် ပြောကြားသည်။

ယခင် စစ်အစိုးရ လက်ထက်တွင် အမှောင်ထု အတွင်းသာ နေခဲ့ရသည့် မြန်မာနိုင်ငံ အနေနှင့် ကမ္ဘာ့နိုင်ငံ များအကြား ၀င်ဆံ့မှု နည်းပါးခဲ့သော်လည်း လက်ရှိတွင် အာဆီယံ ဥက္ကဋ္ဌရာထူး နေရာအား ရယူခဲ့သဖြင့် ကမ္ဘာမှလည်း စိတ်ဝင်တစား စောင့်ကြည့်နေပြီး အာဆီယံ ဥက္ကဋ္ဌရာထူး တာဝန်မှာ မြန်မာနိုင်ငံသားများ၏ တာဝန်သာ ဖြစ်ကြောင်း စင်ကာပူနိုင်ငံ၊ အရှေ့တောင်အာရှ လေ့လာရေးသိပ္ပံမှ သုတေသနမှူး ဒေါ်မိုးသူဇာက သုံးသပ်ပြောကြားသည်။

၁၉၆၇ ခုနှစ် သြဂုတ် ၈ ရက်က စတင် ဖွဲ့စည်းခဲ့သော အာဆီယံသည် လက်ရှိအချိန် အဖွဲ့ဝင် ၁၀ နိုင်ငံဖြင့် ဒေသတွင်း အသိုက်အ၀န်း တစ်ခုအဖြစ် ရပ်တည်လျက် ရှိနေပြီး ၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေး အသိုက်အမြုံ (ASEAN Economic Community - AEC) ကို လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment