ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်
တရားရုံးမှာ နေ့စဉ်အမှုပေါင်း ၁၀၀
နီးပါး စစ်ဆေးနေရတဲ့အတွက် အမှုသည်တွေ ဘယ်လို အခြေအနေတွေနဲ့
ရင်ဆိုင်နေရပါသလဲ။
တရားသူကြီးတွေက တရားခွင်တွေကို အချိန်
အလုံ
အလောက် မပေးနိုင်၊ တရားခွင်အချိန်နည်းတဲ့
အတွက် အမှုရုံးချိန်းတွေ
အများအပြား
ပြန်လည်ချိန်းဆိုနေရတာတွေ ရှိနေပါတယ်လို့
တရားရုံးနဲ့ဆက်စပ်နေသူတချို့က ဆိုပါတယ်။
“ရုံးချိန်းရှိလို့
တရားရုံးကိုလာတယ်။ ကိုယ့်အမှုအလှည့်ရောက်မလားလို့ တနေကုန်ထိုင်စောင့်ရင်းကနေ
ညနေစောင်းတော့မှ ကိုယ့်အလှည့်ကျတယ်။ အဲဒီကျတော့ အချိန်လင့်နေပြီ။ အဲဒါနဲ့
တရားသူကြီးက နောက်တပတ်ရုံးချိန်းပြန်ပေး။ အဲ့လိုတွေဖြစ်နေတယ်” လို့
ပုသိမ်မြို့နယ်တရားရုံးမှာ သားဖြစ်သူအတွက် အမှုရင်ဆိုင်နေရတဲ့ မိခင်တဦးက
ဧရာဝတီကို ပြောပါတယ်။
“ကျမတို့မှာ တရားရုံးတခါလာပြီး
အမှုရင်ဆိုင်ဖို့ကို ချေးငှားပြီးလာရတာဆိုတော့ အမှုစစ်ချိန်နည်းပြီး
ရက်ချိန်းပေးတာတွေများနေတော့ အချိန်ကုန်၊ လူပင်ပန်းနဲ့ နစ်နာတာပေါ့” လို့
သူက ဆက်ပြောပါတယ်။
ပုသိမ်မြို့နယ်တရားရုံးမှာ
မြို့နယ်တရားသူကြီးစစ်ဆေးတဲ့ တရားခွင်အပါအ၀င် တရားခွင် ၅ ခုရှိပေမယ့်
တနင်္လာကနေ သောကြာနေ့အထိ တရားခွင်တိုင်းမှာ အမှုတွေပြည့်နေတာပါ။
တရားခွင်တခုဟာ အနည်းဆုံး ၁၅ မှုကနေ အများဆုံး ၂၅ မှုအထိ စစ်ဆေးနေကြပါတယ်။
“တရားသူကြီးဟာ အမှုတခုကိုကြားနာပြီဆိုရင် ဥပဒေအရ အသေအချာ လေ့လာရတယ်။
သုံးသပ်ရတယ်။ မကျူးလွန်ရင် တရားသေလွှတ်နိုင်အောင်၊
ကျူးလွန်တာထင်ရှားနေရင်လည်း ထိုက်သင့်တဲ့အပြစ်ဒဏ်ဖြစ်အောင် အမျိုးမျိုး
စဉ်းစားချင့်ချိန်ရတယ်။ အခုက အမှုတခုဝင်လာ။ ကဲ … ကျမ်းကျိန်၊
မေးစရာရှိတာမေး။ ပြီးတာနဲ့ နောက်တမှုထပ်စစ်ဆိုတော့ တရားသူကြီးတွေအတွက်လည်း
အတော်ကို အကြပ်အတည်းကာလဖြစ်နေတယ်”လို့ ပုသိမ်မြို့က အငြိမ်းစား
တရားသူကြီးတဦးက ပြောပါတယ်။
လက်ရှိမှာ
ထွန်တုံးတိုက်ပွဲနဲ့ပတ်သတ်ပြီးတော့ ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု) ၊ ၄၂၇
(အကျိုးဖျက်ဆီးမှု) တို့နဲ့ တရားစွဲခံထားရတဲ့ လယ်သမားတွေ အများအပြား
တရားရင်ဆိုင်နေရပါတယ်။
ခွင့်ပြုချက်မပေးဘဲဆန္ဒပြတဲ့
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့
စီးတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ ရဲကတရားလိုလုပ်ပြီး
တရားစွဲဆိုတဲ့အမှုတွေ အများဆုံးဖြစ်ပွားနေကြောင်း သိရပါတယ်။
“အမှုတွေကများလာတော့ တရားသူကြီးတွေက တရားခွင်ကို အချိန်
သိပ်မပေးနိုင်တော့ဘူး။ အမှုများပြီး တရားခွင်အချိန်ပေးမှုနည်းတော့
တရားသူကြီးတွေအနေနဲ့ စီရင်ဆုံးဖြတ်တဲ့ နေရာမှာ အခက်အခဲတွေ ရှိလာသလို
တရားစီရင်ရေးတိမ်းစောင်းမှာကိုလည်း ကျနော်တို့ စိုးရိမ်မိတယ်”
လို့ လုပ်သက် ၁၆ နှစ်ကျော်ရှိတဲ့ ပုသိမ်မြို့က အထက်တန်းရှေ့နေတဦးက ပြောပါတယ်။
“အပေါ်ပိုင်းကတော့ မှန်မှန်နဲ့မြန်မြန် တရားစီရင်ရေးဆိုပြီး
ဆော်သြနေတာတွေရှိတယ်။ အမှုနဲ့ခွင်အရေအတွက် မမျှတဘူး ဆိုရင်တော့ ဒီမူအတိုင်း
ဖြစ်လာဖို့ ခဲယဉ်းတယ်။ တရားစီရင်ရေးမှာ မှန်ရင် မမြန်နိုင်သလို မြန်ရင်လည်း
မမှန်နိုင်ပါဘူး” လို့ သူက ဆက်ပြောပါတယ်။
ဒီလိုအမှုတွေများပြီး
တရားခွင်အချိန်နည်းနေတဲ့ကိစ္စကို ဧရာဝတီတိုင်းတရားလွှတ်တော်အနေနဲ့
အဆင်ပြေနိုင်တဲ့ နည်းလမ်းရှာဖွေပြီး အမှုသည်ပြည်သူလူထုတွေ အဆင်ပြေအောင်
ကူညီပေးသင့်တယ်လို့ အထက်ပါရှေ့နေက တိုက်တွန်းပြောဆိုသွားပါတယ်။
ဆလိုင်းသန့်စင်
ဧရာဝတီblog
No comments:
Post a Comment