မြန်မာနိုင်ငံ အတွင်း၌ ပြီးခဲ့သည့်နှစ် တစ်နှစ်တည်းတွင်
စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၈ သန်း ဖမ်းဆီးရမိခဲ့ကြောင်း
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ
ဒုတိယရဲမှူးကြီး ဇော်လင်းထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
''လက်ရှိအချိန်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုက
မြင့်တက်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ တားဆီးနှိမ်နင်းရေး အပိုင်းတွေမှာ
တိုးမြှင့်ပြီး ဆောင်ရွက်နေတဲ့ အတွက်ကြောင့်ပါ။ မူးယစ်ဆေးဝါးက
နယ်စပ်ဒေသတွေမှာ ဖမ်းဆီးရရှိမှု များပါတယ်။ ပြီးခဲ့နှစ်က
စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သန်း ဖမ်းဆီးရမိ ခဲ့ပါတယ်'' ဟု မူးယစ်ဆေးဝါး
တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဇော်လင်းထွန်းက ဆက်လက်
ပြောကြားသည်။
စိတ်ကြွရူးသွပ် ဆေးပြားများကို ရှမ်းပြည်နယ်၊
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း စသည့်နယ်စပ် ဒေသများတွင် အများစု
ဖမ်းဆီးရမိနေခြင်းများ ရှိသလို အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်းများ
တွင်လည်း စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရရှိနေမှုများ ရှိကြောင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက် များအရ သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး
အပိုင်းတွင် မူးယစ်ဆေးဝါး အန္တရာယ်သည် ခြိမ်းခြောက်လျက် ရှိသည့်အတွက်
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အား ယခင်ထက် သုံးဆပိုမို
တိုးချဲ့ပြီး တားဆီးနှိမ်နင်းရန် လုပ်ဆောင်နေကြောင်း သိရှိရပြီး
မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် သုံးစွဲမှု အပိုင်းများကို အဓိကတားဆီး
နှိမ်နင်းသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏
သတင်းထုတ်ပြန်ချက် များအရ ပြီးခဲ့သော ရက်ပိုင်းအတွင်းက ရှမ်းပြည်နယ်နှင့်
တနင်္သာရီတိုင်းတို့တွင် စိတ်ကြွရူးသွပ် ဆေးပြားပေါင်း ၁၂၀၀၀ ကျော်
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စိတ်ကြွရူးသွပ်
ဆေးပြားများ ဖမ်းဆီးရမိမှု မြင့်တက်လာခြင်းအပေါ် တွက်ဆကြည့်ပါက
စိတ်ကြွရူးသွပ် ဆေးပြားရောင်းဝယ်၊ သုံးစွဲမှု အပိုင်းတွင်လည်း
မြင့်တက်လာမှုများ ရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment