Pages

22.11.13

SEA Games ကာလ တစ်နာရီဒေါ်လာ ၆၀၀၀ ကျော်ဖြင့် MAI လေယာဉ် စင်းလုံးငှား ပြေးဆွဲမည်

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ကာလအတွင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI က Air Bus လေယာဉ်များဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ခရီးစဉ်များကို တစ်နာရီ
အမေရိကန်ဒေါ်လာ ၆၅၀၀ ဝန်းကျင်ဖြင့် သတ်မှတ် ပြေးဆွဲရန် လျာထားကြောင်း ယင်းလေကြောင်းလိုင်းမှ ဈေးကွက်နှင့် ပြင်ပ ဆက်ဆံရေး မန်နေဂျာ ဒေါ်အေးမရသာက ပြောကြားသည်။

ခရီးသွား ဧည့်သည်များ သွားလာမှု အဆင်ပြေစေရေးအတွက် အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAI က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထပ်မံ ရောက်ရှိလာသော လေယာဉ်သစ် နှစ်စင်း အပါအဝင် လေယာဉ် ၁၁ စင်းဖြင့် ဝန်ဆောင်မှုပေးရန် စီစဉ်ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အသစ် ရောက်ရှိလာသော စင်းလုံးငှား လေယာဉ် နှစ်စင်းသည် အိုင်ယာလန် နိုင်ငံထုတ် Air Bus လေယာဉ် အမျိုးအစား ဖြစ်ပြီး လူဦးရေ ၁၂၀ ဆံ့ကြောင်း၊ SEA Games ပြိုင်ပွဲပြီးပါက လက်ရှိ ခရီးစဉ်များတွင် ထည့်သွင်း ပြေးဆွဲမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ၁၉၉၃ ခုနှစ်မှ စတင်၍ ပြည်ပ ခရီးစဉ်များကို ပုံမှန်ပျံသန်း ပြေးဆွဲလျက်ရှိပြီး ယခုလက်ရှိ ရန်ကုန်မှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဖနွမ်းပင်၊ စီယမ်ရိ၊ ဂါယာနှင့် ဆိုးလ်မြို့တို့သို့ ပုံမှန်ခရီးစဉ်များ ပျံသန်း ပြေးဆွဲလျက် ရှိသည့်အပြင် စင်းလုံးငှား (Charter) ခရီးစဉ်များကိုလည်း ပြေးဆွဲလျက် ရှိရာမှ ပြည်တွင်း ခရီးစဉ်ဖြစ်သော ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ကို ယခုနှစ် စက်တင်ဘာလတွင် စတင်ပြေးဆွဲ ခဲ့သည်။

The Voice Weekly

No comments:

Post a Comment