မြန်မာ-အိန္ဒိယနယ်စပ် တမူး ကုန်သွယ်ရေးစခန်းမှ ယခုနှစ်အတွင်း ချင်းနှင့်ပဲ
ကုန်သွယ်မှုများမှ အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရရှိထားကြောင်း
ယင်းကုန်သွယ်ရေးစခန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ချင်းအစို တန်ချိန် ၃၃၆၀ ခန့်၊ ချင်းခြောက် ၄၅ တန်ခန့်နှင့် (ချင်း) ပဲ တန်ချိန် ၇၈ တန်တို့ကို တင်ပို့နိုင်ခဲ့ပြီး ဖြစ်ကာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၀၃ သန်းကျော် ရရှိနေပြီ ဖြစ်ကြောင်း ယင်းကုန်သွယ်ရေး စခန်း၏ စာရင်းများအရ သိရသည်။
ဇူလိုင်လတွင် ချင်းစို တင်ပို့မှုမှာ အများဆုံး ဖြစ်ပြီး တန်ချိန် ၃၀ ဝန်းကျင် တင်ပို့နိုင်ခဲ့ပြီး ချင်းခြောက် တင်ပို့မှု အများဆုံးမှာ မေလဖြစ်ပြီး တန်ချိန် ၃၀ ဝန်းကျင် တင်ပို့နိုင်ကြောင်း၊ (ချင်း) ပဲကို ဧပြီလ၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင်သာ တင်ပို့ခဲ့ပြီး စုစုပေါင်း ၇၈ တန် တင်ပို့ထားပြီး ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။
ချင်းအစို တစ်ကီလိုလျှင် အိန္ဒိယရူပီး လေးဆယ်မှ လေးဆယ့်ငါး အတွင်းရှိပြီး အိန္ဒိယ ပြည်တွင်းတွင် ရူပီး ၆၀ ခန့်ရှိကာ နီပေါနှင့် ဘင်္ဂလားဒေ့ရှ် တို့ဘက်တွင် ရူပီး ၇၀ ခန့် ရှိကြောင်း နယ်စပ်ကုန်သည် တို့၏ ပြောဆိုချက်အရ သိရသည်။
မြန်မာ့ချင်း (ဂျင်း) ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အဓိက ဝယ်ယူပြီး အိန္ဒိယ ပြည်တွင်းချင်းများ ဈေးမြင့်မှုကြောင့် ဧပြီလ၊ မေလနှင့် သြဂုတ်လတို့တွင် ချင်းကုန်သွယ်မှု အားကောင်းခဲ့ပြီး နယ်စပ် ပေါက်ဈေးအရ ချင်းအစို တစ်ကီလိုလျှင် ၂၃၈ ကျပ်၊ ချင်းအခြောက် တစ်ကီလိုလျှင် ၁၇၈၄ ကျပ် ဖြစ်ကြောင်း နယ်စပ် ကုန်သည်များ အသင်း၏ အချက်အလက်များအရ သိရသည်။
တမူး နယ်စပ်ကုန်သွယ်ရေး စခန်းအား ၂၀၀၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပို့ကုန်ပစ္စည်း ၂၀ မျိုးနှင့် သွင်းကုန်ပစ္စည်း ၁၀၈ မျိုးအား ကုန်သွယ်မှု ပြုနေကာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၄ သန်းနီးပါး ရှိခဲ့သည်။
The Voice Weekly

No comments:
Post a Comment