ကချင်ပြည်နယ်ရှိ အစိုးရထိန်းချုပ်မှု ပြင်ပဒေသများတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူများ၏ လိုအပ်ချက်များကို စောင့်ကြည့်တုံ့ပြန် နိုင်ရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် အမြဲတမ်း သွားရောက်ခွင့် ရရှိရန် လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)၏ သုံးသပ်ချက်အရ သိရသည်။
နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ်သို့ ပူးတွဲခရီးစဉ်များ ပုံမှန်ပြုလုပ် လာနိုင်သော်လည်း အစိုးရထိန်းချုပ်မှု ပြင်ပဒေသရှိ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ၏ လိုအပ်ချက်များကို စောင့်ကြည့်နိုင်ရန်နှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ ဒေသခံ အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များကို ၀ိုင်းဝန်းအားဖြည့် ပေးနိုင်ရန်အတွက် အမြဲတမ်း သွားရောက်ခွင့် လိုအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
နေရပ်စွန့်ခွာ တိမ်းရှောင်သူများအတွက် အစားအသောက်၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ယာယီတဲများအတွက် လိုအပ်ချက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ကချင်ပြည်နယ်၊ မန်စီမြို့နယ်၌ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ယင်းဒေသမှ လူဦးရေ ၁၅၀၀ ခန့်သည် ဗန်းမော်၊ မိုင်းခေါင်နှင့် နမ့်လင်းပါသို့ တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။ နိုဝင်ဘာလဆန်းတွင် နမ်လင်းပါ၌ တိုက်ပွဲများ ထပ်မံဖြစ်ပွားသည့်အတွက် လူဦးရေ ၂၀၀၀ ကျော်ခန့် ထပ်မံတိမ်းရှောင် ခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)၏ လူသားချင်း စာနာမှုဆိုင်ရာ သတင်းလွှာတွင် ဖော်ပြထားချက်အရ သိရသည်။
လက်ရှိတွင် ကချင်ပြည်နယ်အတွင်း စစ်ရှောင်ဒုက္ခသည် တစ်သိန်းကျော် ရှိနေပြီး ၃၀၀၀၀ ကျော်မှာ အစိုးရ ထိန်းချုပ်နယ်မြေ အတွင်းရှိ၍ ကျန်သူများမှာ KIO ထိန်းချုပ်နယ်မြေအတွင်း နေထိုင်လျက်ရှိကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်က သတင်းထုတ်ပြန်ထားသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှု ကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)၏ စာရင်းများအရ မြန်မာနိုင်ငံတွင် လူသားချင်း စာနာမှုဆိုင်ရာ ကူညီမှုလိုအပ်နေသူ ဦးရေ ကိုးသိန်းကျော်ရှိနေပြီး နေရပ်စွန့်ခွာ တိမ်းရှောင်သူဦးရေ ခြောက်သိန်းကျော် ရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment