ကြီးလေးကြီး တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်က သမ္မတထံ မေတ္တာရပ်ခံစာ
ပေးပို့ခြင်းကို တရားဝင်စာဖြင့် ပြန်လည် အကြောင်းကြားရန် အစီအစဉ်
မရှိသေးကြောင်း နိုင်ငံတော်သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က
ဒီဇင်ဘာလ ၇ ရက်နေ့တွင် The Voice သို့ ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးမှု
ပြုလုပ်ရန် နိုင်ငံတော်သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေး
ဦးစီးချုပ်တို့နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်
ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တို့က နိုဝင်ဘာလ ၂၃ ရက်တွင် မေတ္တာရပ်ခံစာ
ပေးပို့ခဲ့ခြင်းအပေါ် ၎င်းက တုံ့ပြန် ပြောကြား လိုက်ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ရှင်းပြတဲ့ဟာက ကျွန်တော်တို့ရဲ့ တုံ့ပြန်ချက်ပါပဲ။ သမ္မတကြီး
ဖိလစ်ပိုင် မသွားခင်အထိတော့ ပို့ဖို့ မရှိပါဘူး။ ခုပြန်ရောက်တဲ့
နောက်ပိုင်းတော့ မသိသေးဘူးပေါ့နော်” ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့
တွေ့ဆုံမှုသည် ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ အခြေခံ
ပြင်ဆင်ရေးလေ့လာ သုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာကို ကျော်လွန်ရာ ရောက်မည်
ဖြစ်သောကြောင့် လတ်တလောတွင် သမ္မတ၏ ဆုံးဖြတ်ချက်ကို အတိအကျ ပြောကြား
မရသေးကြောင်း ၎င်းကထပ်လောင်း ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏
ပေးပို့စာသည် မီဒီယာမှပေးပို့ ပြောကြားခြင်း မဟုတ်သောကြောင့် တရားဝင်
တုံ့ပြန်စာကိုသာ အတည်ပြုချက် ရယူမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) က
The Voice သို့ ပြောကြားသည်။
ဒေါ်အောင်ဆန်စုကြည်၏ မေတ္တာရပ်ခံစာတွင်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်
တွေ့ဆုံ ခွင့်တောင်းခံချက်သည် လွှတ်တော် အတွင်းရှိ တပ်မတော်သား
ကိုယ်စားလှယ်များနှင့်ပင် လုံလောက်နေပြီ ဖြစ်ကြောင်း ဦးရဲထွဋ်က The Voice
ကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပြောကြားထားပြီး ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment