ဂျပန်-အာဆီယံ အနှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ်
ထိပ်သီးအစည်းအဝေးပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နိုင်ငံတော်
ဧည့်ရိပ်သာတွင် ဒီဇင်ဘာ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးအပြီး တွင်
လေကြောင်းနှင့် ရေကြောင်း လွတ်လပ်လုံခြုံစွာ သွားလာနိုင်ရေးအပါအ၀င် အချက်
၁၇ ချက်ပါဝင်သည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်ဧည့်ရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးပွဲကို
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အတူ မြန်မာနိုင်ငံသမ္မတ
ဦးသိန်းစိန်အပါအ၀င် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များစုံလင်စွာ
တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံတစ်နိုင်ငံသာ ပြည်တွင်းရေး
အခြေအနေများကြောင့် ဒုတိယ၀န်ကြီးချုပ်သာ တက်ရောက်နိုင်ခဲ့သည်။
နံနက် ၁၀ နာရီအချိန်မှ စတင်ခဲ့သော ထိပ်သီအစည်းအဝေးသည် နေ့လယ် ၂ နာရီ
ခွဲအချိန်ခန့်တွင် ပြီးဆုံးသွားခဲ့ပြီး ညနေ ၄ နာရီအချိန်တွင်
မီဒီယာများသို့ ပူးတွဲကြေညာချက်များကို ဂျပန်ဝန်ကြီးချုပ်နှင့် လက်ရှိ
အာဆီယံဥက္ကဋ္ဌ ဘရူးနိုင်းနိုင်ငံဘုရင်တို့က ကြေညာခဲ့သည်။ စုစုပေါင်းအချက် ၁၇
ချက်ပါဝင်သော ပူးတွဲကြေညာချက်တွင် လေကြောင်းနှင့်
ရေကြောင်းလုံခြုံစိတ်ချစွာ သွားလာနိုင်ရေးနှင့်ပတ်သက်၍ အထူးအလေးပေး
ထည့်သွင်းပြောဆိုခဲ့ပြီး အာဆီယံနိုင်ငံများသို့ ဂျပန်မှ
တိုးမြှင့်ထောက်ပံ့မည့် အစီအစဉ်ကိုလည်း ထည့်သွင်းကြေညာခဲ့သည်။
တရုတ်နိုင်ငံ၏ လေကြောင်းကာကွယ်ရေးဇုန်အသစ် သတ်မှတ်မှုကြောင့် မကြာသေးမီက
ဖြစ်ပေါ်ခဲ့သော ဂျပန်-တရုတ် တင်းမာမှုများကြောင့် ယခုထိပ်သီးအစည်းအဝေးပွဲတွင်
ထိုအကြောင်းအရာပင် လွှမ်းမိုးသွားဖွယ်ရှိကြောင်း
ခန့်မှန်းမှုများရှိခဲ့သည့်အတိုင်းပင် ဂျပန်နိုင်ငံဘက်က
လေကြောင်းနှင့်ရေကြောင်း လွတ်လပ်လုံခြုံစွာ သွားလာနိုင်ရေးကိစ္စကို
အထူးအလေးပေး ထည့်သွင်းခဲ့သည်။ ကြေညာချက်တွင် ဖော်ပြထားရာ၌ ဂျပန်နှင့်
အာဆီယံနိုင်ငံများသည် လွတ်လပ်စွာ ပျံသန်းခွင့်နှင့်
လေကြောင်းလုံခြုံမှုတို့ကို နိုင်ငံတကာက လက်ခံထားသည့်
ဥပဒေများအတိုင်းသာဖြစ်စေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဖော်ပြထားခဲ့သည်။
"ဂျပန်နဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ ဒေသတွင်း
တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တဲ့ ဘယ်လိုရေကြောင်း၊
လေကြောင်းတစ်ဖက် သတ်မှတ်ကြေညာမှုမျိုးကိုမှ လက်မခံနိုင်ဘူးဆိုတာကို
အလေးအနက်ပြောလိုပါတယ်"ဟု ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက
ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထို့ပြင်
ပူးတွဲကြေညာချက်တွင် ဂျပန်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများသို့ ဂျပန်
ယန်း ၂ ထရီလျံ အကူအညီပေးမည်ဖြစ်ကြောင်းနှင့် ဂျပန်-အာဆီယံအသိုက်အ၀န်း
ရန်ပုံငွေအတွက်လည်း ဂျပန်ဒေါ်လာသန်း ၁၀၀ ထည့်ဝင်မည် ဖြစ်ကြောင်းကိုပါ
ပူးတွဲသတင်းစာရှင်းလင်းပွဲ ၀န်ကြီးချုပ် အာဘေးက ထည့်သွင်းပြောကြားခဲ့သည်။
ပူးတွဲကြေညာချက်တွင် ဒေသတွင်း ဖွံ့ဖြိုးရေး၊ ကိုရီးယားကျွန်းဆွယ်အရေး၊
အမျိုးသမီးများ အခွင့်အရေး၊ ထောင်စုနှစ်ရည်မှန်းချက်၊ ရာသီဥတုပြောင်းလဲမှု၊
လူ့သားချင်း စာနာထောက်ထားမှု အကူအညီနှင့် သဘာဝ ဘေးအန္တရာယ်လျော့ပါးရေး၊
သဘာဝသယံဇာတများ စနစ်တကျသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းစောင့်ရှောက်ရေး၊ အရှေ့အလယ်ပိုင်းအရေး၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ
ပြင်ဆင်ဖွဲ့စည်းရေးတို့ကိုလည်း ထည့်သွင်းထုတ်ပြန်ခဲ့ပြီး ၀န်ကြီးချုပ်
ရှင်ဇိုအာဘေးအစိုးရ၏ Proactive Contri- bution to Peace
ဆိုသည့်အစီအစဉ်ကိုလည်း အာဆီယံခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်ဟု သိရသည်။
Eleven Media Group
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နိုင်ငံတော်ဧည့်ရိပ်သာ၌ ပြုလုပ်ခဲ့သော
ဂျပန်-အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွင် ခေါင်းဆောင်များကို တွေ့ရစဉ်
No comments:
Post a Comment