ရှမ်းပြည်နယ်အတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့များအကြား အပစ်အခတ် ရပ်စဲထားသော်လည်း ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏
ဘိန်းထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် ၂၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း
ကုလသမဂ္ဂ မူးယစ်နှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC)၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့သော အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရ
အနေဖြင့် ဘိန်းထုတ်လုပ်မှုကို လျှော့ချရန် ကြိုးပမ်းနေသည့်ကြားမှ
ထိုသို့ဘိန်းထုတ်လုပ်မှု မြင့်တက်လာရခြင်းမှာ ဒေသခံလယ်သမားများ အနေဖြင့်
စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းရန်အတွက် အခြားနည်းလမ်း မရှိသောကြောင့်
ဖြစ်သည်ဟုလည်း ကုလသမဂ္ဂက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။
(UNODC) ၏
ခန့်မှန်းချက်အရ မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် ဘိန်းတန်ချိန် ၈၇၀
ထုတ်လုပ်မည်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်အပြီး ဘိန်းထုတ်လုပ်မှု
ဒုတိယအများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေမည် ဖြစ်သည်။ ထိုပမာဏသည်
ခုနစ်နှစ်ဆက်တိုက် ဘိန်းထုတ်လုပ်မှု ဆက်တိုက်မြင့်တက် လာခဲ့ခြင်းဖြစ်သည်။
ယခုနှစ်တွင် အာဖဂန်နစ္စတန်၏ ဘိန်းထုတ်လုပ်မှုသည် ၅၅၀၀ တန်ချိန်ထိ
ရှိမည်ဖြစ်ပြီး ယမန်နှစ်က ထုတ်လုပ်မှုထက် ၄၉ ရာခိုင်နှုန်း
မြင့်တက်လာခြင်းဖြစ်သည်။ အာရှတွင် မူးယစ်ဆေး လိုအပ်ချက် မြင့်မားလာမှုက
မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှု မြင့်တက်လာခြင်း၏
အကြောင်းရင်းဖြစ်ကြောင်းကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးလေ့ရှိသော နယ်မြေများမှာ ကချင်ပြည်နယ်၊
ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဖြစ်ကြပြီး
ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု အများဆုံး ရှိနေသည်။ ရှမ်းပြည်နယ်
အတွင်းရှိ အဓိကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ခန့်ရှိနေပြီး "၀"
သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တောင်ပိုင်းတပ်မတော်
(RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်းတပ်မတော်
(SSPP/SSA) နှင့် တအောင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော်
(TNLA/PSLF)တို့အပြင် အခြားအဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များစွာ ရှိနေသည်။
ထိုအဖွဲ့များအနက် TNLA အဖွဲ့တည်းသာ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး
သဘောတူညီချက် မရရှိထားသည့် အဖွဲ့ဖြစ်သည်။ TNLA အဖွဲ့သည် ရှမ်းပြည်နယ်အတွင်း
ပြည်သူ့စစ်အဖွဲ့များ၏ ဘိန်းဖြန့်ဖြူးမှုများကို လိုက်လံဖမ်းဆီး
တိုက်ခိုက်ရာမှ အစိုးရနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေသော အဖွဲ့ဖြစ်သည်။
UWSA၊ NDAA နှင့် RCSS/SSA၊ SSPP/SSA အဖွဲ့များမှာ အစိုးရနှင့်
အပစ်အခတ်ရပ်စဲရေး ရယူထားသော အဖွဲ့များဖြစ်ပါသည်။ "၀" နှင့် "မိုင်းလား"
အဖွဲ့မှာ မြန်မာနိုင်ငံ၏ ဘိန်းဖြန့်ဖြူးမှုနှင့် ပတ်သက်ပြီး သံသယဖြစ်သူများ
စာရင်းတွင် ဆက်လက်ပါဝင် နေဆဲဖြစ်ပြီး RCSS/SSA နှင့် SSPP/SSA
အဖွဲ့များမှာလည်း ၎င်းတို့ဒေသတွင်း၌ ရှိနေသော ဘိန်းခင်းများနှင့် ပတ်သက်ပြီး
သံသယထားခံရသူများ စာရင်းတွင် ဆက်ရှိနေပါသည်။
အစိုးရနှင့် အပစ်အခတ်
ရပ်စဲရေး မရခင်ကာလက အဖွဲ့များ၏ ရံပုံငွေနှင့် ဒေသခံများ၏ စားဝတ်နေရေးအတွက်
ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုမှာ အဓိကကျသော လုပ်ငန်းတစ်ခု ဖြစ်ခဲ့သော်လည်း
အပစ်အခတ်ရပ်စဲရေး ရရှိပြီးနောက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုများ
လျော့ကျသွားခြင်းမရှိဘဲ တိုးမြှင့်နေခြင်း ဖြစ်ပါသည်။
သီးခြားအတည်မပြုနိုင်သေးသော ကိန်းဂဏန်းများအရ UWSA နှင့် RCSS/SSA၊
SSPP/SSA အဖွဲ့များတို့သည် အစိုးရက ထောက်ပံ့မှု အနေဖြင့် ပေးအပ်ထားသော
ငြိမ်းချမ်းရေး ကားပါမစ်ကို တစ်ဖွဲ့လျှင် အစီး ၁၂၀ နှုန်းဖြင့် အစီးရေ ၄၀
အားလုံး အခွန်ကင်းလွတ်ခွင့်၊ ကျန်အစီးရေ ၆၀ အား ၆၀ ရာခိုင်နှုန်း
အခွန်ဆောင်ခြင်းများဖြင့် ရရှိထားကြောင်း သိရသည်။
၂၀၁၂
ခုနှစ်အတွင်း ရရှိထားသော ကိန်းဂဏန်းများအရ ရှမ်းပြည်နယ်အတွင်း၌ မြို့နယ် ၅၅
မြို့နယ် ရှိသည့်အနက် ၄၉ မြို့နယ်တွင် ဘိန်းစိုက်ပျိုးမှုများ ရှိနေပြီး
မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုများအနက် ၉၀ ရာခိုင်နှုန်းမှာ
ရှမ်းပြည်နယ်မှ ဖြစ်သည်။ ထို့အပြင် မူးယစ်ဆေးဝါး ဖြန့်ချိရာ လမ်းကြောင်းသည်
ရွှေတြိဂံနယ်မြေမှတစ်ဆင့် တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ကို
ဖြတ်ကျော်ပြီး ထိုင်းနှင့်ကျန်ရှိသော အရှေ့တောင်အာရှ နိုင်ငံများသို့
ရောက်ရှိကာ ကမ္ဘာအနှံ့ ပျံ့နှံ့သွားခြင်း ဖြစ်သည်။
အရှေ့တောင်အာရှ
နိုင်ငံများနှင့် တရုတ်နိုင်ငံတောင်ပိုင်းတို့ စီးပွားရေး
ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နေခြင်းနှင့် အခြေခံအဆောက်အဦများ
တိုးမြှင့်နေခြင်းက မူးယစ်ကုန်သွယ်မှု အတွက်လည်း အခွင့်အရေးများ
ဖြစ်ပေါ်နေစေသည့်အတွက် ယခုအစီရင်ခံစာ ရလဒ်သည် အထူးအရေးကြီးကြောင်း
ကုလသမဂ္ဂကလည်း ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။
"အသေအချာ
ဖွဲ့စည်းထားတဲ့ မူးယစ်အဖွဲ့အစည်းတွေက ဒေသတွင်းနိုင်ငံများ
ပူးပေါင်းဆောင်ရွက်ရေး အခြေအနေကို အခွင့်ကောင်းယူနေ ကြပါတယ်" ဟု
အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ UNODC ကိုယ်စားလှယ် ဂျယ်ရမီဒေါက်ကလပ်စ်က
ဆိုသည်။ အစီရင်ခံစာ၏ ဖော်ပြချက်အရ အရှေ့နှင့် အရှေ့တောင်အာရှတွင်
မူးယစ်ဆေးများ ဖမ်းဆီးရမိမှုသည် တစ်နှစ်ထက်တစ်နှစ်
ပိုမိုမြင့်မားလာနေကြောင်း သိရသည်။
"ဒီအချက်အလက်တွေက
ဘာကိုဖော်ပြနေလဲဆိုရင် အဲဒီမှာရှိတဲ့ လူတွေအတွက် တကယ်ကို
ဝင်ငွေရရှိစေနိုင်တဲ့ နည်းလမ်းတွေနဲ့ အကူအညီပေးမှုတွေ အများကြီး
လိုနေသေးတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတာပါ။ ရွာသူရွာသားတွေဟာ
အစားအသောက် မလုံလောက်မှုနဲ့ ဆင်းရဲမွဲတေမှုတွေကို ခံစားနေရတယ်။ အဲဒါကို
အကူအညီပေးနိုင်အောင် ကြိုးစားရပါမယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင် ဒီလူတွေက
ဆက်ပြီးဘိန်းစိုက်ပျိုးနေဦး မှာပါပဲ" ဟု UNODC မှ စီမံအုပ်ချုပ်မှု
ဒါရိုက်တာ Yury Fedotov က ပြောကြားသည်။
အစီရင်ခံစာက
ဆက်လက်ဖော်ပြရာတွင် ဘိန်းစိုက်ပျိုးမှုသည် တည်ငြိမ်အေးချမ်းမှုနှင့်
လုံခြုံမှု ကင်းမဲ့နေခြင်းတို့နှင့်လည်း ယေဘူယျအားဖြင့် ဆက်စပ်လျက်ရှိပြီး
အဆိုပါဒေသများတွင် နိုင်ငံရေးစီးပွားရေး အဖြေရှာရန် လိုအပ်နေကြောင်းကို
ညွှန်ပြနေသည်ဟု ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၁၄
ခုနှစ်အရောက်တွင် ဘိန်းစိုက်ပျိုးမှု ကင်းစင်ရမည်ဟု ၁၉၉၉ ခုနှစ်တွင်
ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ၂၀၀၆ ခုနှစ်ထိ ဘိန်းစိုက်ပျိုးမှု ၃၁၅
တန်ထိရောက်အောင် ကျဆင်းသွားခဲ့သည်။ သို့သော် ထိုနောက်ပိုင်းတွင်တော့
ဘိန်းစိုက်ပျိုးမှု ဆက်တိုက်မြင့်တက် လာခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၈၀
ပြည့်နှစ် ၀န်းကျင်များက ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု အမြင့်ဆုံး
နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် အာဖဂန်နစ္စတန်က မြန်မာနိုင်ငံ၏
နေရာကို ၀င်ယူခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံး ဘိန်းထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံ
ဖြစ်လာသည်။
Eleven Media Group
ရှမ်းပြည်နယ် တစ်နေရာတွင် စိုက်ပျိုးထားသော ဘိန်းခင်းအား သက်ဆိုင်ရာက ဖျက်ဆီးနေသည်ကို တွေ့ရစဉ်
No comments:
Post a Comment