တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ လူဦးရေ တိုးပွားမလာစေရန် ချမှတ် ကျင့်သုံးထားသော တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို ၂၀၁၄ ခုနှစ်
အစောပိုင်းမှ စတင်ပြီး ဖြေလျှော့ပေးမည်ဟု တရုတ်အစိုးရ မိသားစု စီမံကိန်း
ကော်မရှင်က ပြောကြား သွားကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။
မူဝါဒ အပြောင်းအလဲများကို တရုတ်နိုင်ငံ၏ အချို့သော ဒေသများတွင် ၂၀၁၄ခုနှစ်
ပထမ သုံးလပတ်အတွင်း စတင်ဆောင်ရွက် သွားမည်ဟု အမျိုးသား ကျန်းမာရေးနှင့်
မိသားစု စီမံကိန်း ကော်မရှင် ညွန်ကြားရေးမှူး ရန်ဝမ်ဇူက ပြောကြားသည်။
တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို တရုတ်နိုင်ငံ၌ ချမှတ်ကျင့်သုံး
နေသည်မှာ ဆယ်စုနှစ်သုံးခုနီးပါး ကြာမြင့်နေပြီ ဖြစ်ပြီး သန်းပေါင်း
များစွာသော မိသားစုများကို ကလေးနှစ်ယောက် ယူခွင့်ပြုမည်ဟု ဘေဂျင်း
အစိုးရအဖွဲ့က ပြီးခဲ့သည့် လအတွင်း ထုတ်ပြန်ခဲ့သည်။
တရုတ်
လူဦးရေတွင် သက်ကြီးရွယ်အိုများ တိုးပွားလာပြီး ငွေကြေး ဝန်ထုပ်ဝန်ပိုး
ကြီးမားလာခြင်းနှင့် ကလေး မွေးဖွားမှုနှုန်း လျော့ကျ လာခြင်းကို ပြန်လည်
ပြင်ဆင်နိုင်ရန် မူဝါဒ အပြောင်းအလဲများ ပြုလုပ်ခြင်း ဖြစ်သည်။
လုပ်ထုံးလုပ်နည်းများကို အတည်မပြုခင် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်
စုံတွဲ အရေအတွက်နှင့် အခြေအနေများကို သုံးသပ် အကဲဖြတ်နေကြောင်း
အာဏာပိုင်များက ပြောကြားသည်။
မိသားစု စီမံကိန်းများတွင်
ကန့်သတ်ချက်များ ချမှတ်ထားခြင်းကို တဖြည်းဖြည်းချင်း ပယ်ဖျက်သွားမည်
ဖြစ်သော်လည်း ရေတိုကာလတွင် ချက်ချင်း ပယ်ဖျက်သွားမည် မဟုတ်ဟု တရုတ်
အာဏာပိုင်များက ပြောကြားသည်။
တရုတ်နိုင်ငံတွင် လူဦးရေ သန်း ၁၄၀၀
ခန့်ထိရှိပြီး ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံးနိုင်ငံ ဖြစ်သည်။ တစ်အိမ်ထောင်
ကလေးတစ်ယောက် မူဝါဒကို နိုင်ငံ လူဦးရေ၏ ၆၃ ရာခိုင်နှုန်းအပေါ် ၁၉၈၀ ပြည့်
လွန်နှစ်များမှစ၍ ချမှတ် ကျင့်သုံးခဲ့သဖြင့် လူဦးရေ သန်း ၄၀၀
တိုးပွားလာနိုင်မည့် အရေးမှ ရှောင်လွှဲနိုင်ခဲ့ကြောင်း Reuters သတင်းတွင်
ဖော်ပြထားသည်။
The Voice Weekly
No comments:
Post a Comment