ရှမ်းပြည်နယ် သီပေါမြို့နယ် မိုင်းလင်းကျေးရွာအုပ်စု မိုင်းလင်းကျေးရွာနှင့် ဆီဆုံကျေးရွာ၌ နေထိုင်သော ဒေသခံရွာသူ
ရွာသား(၁၁)ဦးအား ရှမ်းပြည်တိုးတက်ရေးနှင့်
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA အဖွဲ့မှ ယနေ့ နေ့လယ် ၁
နာရီခွဲခန့်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ
သတင်း ရရှိသည်။
`` မိုင်းလင်းရွာက ခြောက်ယောက်၊ ဆီဆုံရွာက
ငါးယောက်၊ စုစုပေါင်း ဆယ့်တစ်ယောက်ပါ၊ ရှမ်းပြည် မြောက်ပိုင်းအဖွဲ့က
နယ်မြေ(၁၀)နယ်မြေမှူး စိုင်းသန်းအောင် ဦးစီးအဖွဲ့က လာဖမ်းသွားတာပါ ´´ ဟု
မိုင်းလင်း ရွာသားတစ်ဦးက ပြောပြသည်။
ဆီဆုံရွာသားတစ်ဦးက ``
ခေါင်းစဉ်အမျိုးမျိုးပြပြီး ခေါ်သွားတာပဲလေ၊ ဆက်ကြေးမပေးနိုင်ရင်လည်း လူဖမ်း
တယ်၊ လူသစ်မပေးနိုင်လည်း ဖမ်းတာပဲ၊ အခုဟာက
မူးယစ်ဆေးရောင်းဝယ်သုံးစွဲတယ်ဆိုပြီး ဖမ်းသွားတာ၊ ဖမ်းသွားတဲ့အထဲမှာ
မောင်ဌေးအောင်ဆိုရင် ၁၆ နှစ်ပဲ ရှိသေးတယ် ´´ ဟု ပြောသည်။
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ ဖမ်းဆီးသွားသော
ဒေသခံရွာသားများတွင် အသက်(၆၅)နှစ်အရွယ် မိုင်းလင်းရွာသား ဦးလုံးပူး
အပါအ၀င် အမျိုးသမီး(၄)ဦးလည်း ပါဝင်ကြောင်း သိရသည်။
`` ငွေပေးလို့
ပြန်လွှတ်ပေးမယ်ဆိုရင် ငွေနဲ့ ရွေးရမှာပါ၊ ဒီနယ်မြေတွေက တိုင်းရင်းသားတွေဟာ
အဲဒီရှမ်းအဖွဲ့ကို ဆက်ကြေးပေး၊ လူသစ်ပေးနေတဲ့ ကြားထဲကနေ အခုလို
ဖမ်းဆီးခံရတာ အမြဲတမ်းလိုလို ဖြစ်နေပါပြီ ´´ ဟု ဖမ်းဆီးခံရသူများနှင့်
ဆွေမျိုးတော်စပ်သော ဆီဆုံရွာခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)မှ ဖမ်းဆီးခေါ်ဆောင်သွားသော
ရွာသူရွာသားများမှာ ဆီဆုံကျေးရွာနေ ဦးလုံးပန်း(၅၅)နှစ်၊
ဦးဆန်တိုင်(၅၃)နှစ်၊ ဦးအိုက်ဆာ(၅၀)နှစ်၊ စိုင်းကျော်ဆွေ(၁၈)နှစ်၊
မောင်ဌေးအောင် (၁၆)နှစ် တို့ဖြစ်ကြပြီး မိုင်းလင်းကျေးရွာမှ ဦးလုံးပူး
(၆၅) နှစ်၊ ဒေါ်ပါလှရင်(၄၅)နှစ်၊ ဒေါ်နန်းလေး(၃၅)နှစ်၊ ဒေါ်နန်းလှ(၃၃)နှစ်၊
ဒေါ်နားမီ(၃၀)နှစ်၊ စိုင်းလောဝ်(၂၈)နှစ် တို့ဖြစ်ကြောင်း သိရှိရပါသည်။
အိုက်ပန်
Shan News
Photo - Internet
No comments:
Post a Comment