မြန်မာပြည်ရဲ့ အထင်ကရအဖြစ်ဆုံး နက္ခဗေဒပညာ စံ-ဇာဏီဘိုက အဲဒီလို
ဟောကိန်းထုတ်လိုက်ပါပြီ။ ရက်ပိုင်းအတွင်း ရောက်လာတော့မယ့် ၂၀၁၄ ရဲ့
မြန်မာပြည်နိုင်ငံရေးအခြေအနေ ကို မြန်မာပို့စ်ဂျာနယ်က မေးမြန်းရာမှာ သူက အဲဒီလို ပြောလိုက်တာပါ။
သူ့ကို နောက်ထပ် မေးသင့်တဲ့ မေးခွန်းက … ၂၀၁၅ ရွေးကောက်ပွဲမှာ
ဗိုလ်ချုပ်ကြီးတို့ရဲ့ကြံ့ခိုင်ရေးပါတီ
အခြေအနေမကောင်းရင်ရော
စစ်တပ်အာဏာသိမ်းတာမျိုး၊ ဗိုလ်ချုပ်ကြီးတို့ တနည်းနည်းနဲ့
ကလိမ်ကျနိုင်ချေရှိသလား ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။
မြန်မာ့နိုင်ငံရေးဇာတ်ခုံဆိုတာ ဗိုလ်ချုပ်ကြီးတို့ကိုယ်တိုင်
ဇာတ်ဆရာလုပ်ထားတာဆိုတော့ အာဏာမသိမ်းဘဲ အာဏာမြဲစေမယ့်အစီအစဉ်တွေ
ရှိပြီးသားလို့ ဗေဒဆရာက ထောက်ပြကောင်း ထောက်ပြပါလိမ့်မယ်။
လူပြောများနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးအကြောင်းလည်း သူက ဟောကိန်းထုတ်ပါတယ် …
“ပုဒ်မ ၁၈ ကနေ စပြင်ရမယ်။ မပြင်လို့ မရဘူး။ ပြင်ကိုပြင်မှဖြစ်မယ်။
နောက်ထပ် အနည်းဆုံး ကိုးချက်ကို ၂၀၁၄ ထဲမှာ ပြင်ဆင်ဖြစ်မယ်” လို့ သူက
မြန်မာပို့စ်ကို တွက်ချက်ပြပါတယ်။
ကဲ... အဘတွေ အနှစ် ၂၀ လောက် အချိန်ဆွဲပြီး စိတ်ကြိုက်ရေးထားတဲ့ စာအုပ်ကြီးကို လာမယ့်နှစ်ထဲ ပြင်ကြမယ် ဆိုပဲ။
နောက်ကွယ်က မမြင်ရတဲ့လက်မည်းကြီးတွေ ၂၀၁၄ မှာ ဘယ်လောက်အထိ
လက်သွက်နိုင်ချေရှိသလဲ၊ အစွန်းရောက်သမားတွေကို လက်မည်းကြီးတွေက
အသုံးချနိုင်ချေရှိသလား ဆိုတာတွေကလည်း စိတ်ဝင်စားစရာကောင်းတဲ့
မေးခွန်းတွေပါ။
ဗေဒပညာရှင်တွေလည်း ဒါကို တွက်ချက်ကြည့်ကြမယ်လို့ ယူဆရပါတယ်။
လောလောဆယ်ဆယ်မှာတော့ … လာမယ့်နှစ်ထဲ စစ်တပ်က အာဏာပြန်သိမ်းဦးမည်မဟုတ် ဆိုတဲ့ ဟောကိန်းနဲ့ပဲ ကျေနပ်ရတော့မယ့်အခြေအနေပါပဲ။
ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကလည်း နောက်ပြန်မလှည့်ဘူးလို့ဆိုထားပါတယ်။
ဒီစကားက ... နောက်ပြန်လှည့်စရာမလိုအောင် အပိုင် လုပ်ထားပြီးပြီလို့လည်း ဆိုလိုဟန် တူပါတယ်။
ဧရာဝတီ blog
ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဓာတ်ပုံ - ဧရာဝတီ)
No comments:
Post a Comment