အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့်
အစီရင်ခံစာအား ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ
လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ သတ်မှတ်ရက် မတိုင်မီ ပေးပို့သွားမည်
ဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ် အမှုဆောင် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးဝင်းမြင့်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ
လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍
နိုင်ငံရေးပါတီများ၊ ပြည်သူများထံမှ အကြံပြုချက်ပေးပို့ရမည့်
နောက်ဆုံးရက်သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ဖြစ်သဖြင့် အကြံပြုစာများ
ပေးရမည့်ရက်မှာ ရက်သတ္တတစ်ပတ်သာ အချိန်ကျန် ရှိလျက်ရှိကြောင်း သိရသည်။
သို့ဖြစ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ဖွဲ့စည်းပုံ
အခြေခံဥပဒေနှင့် ပတ်သက်သည့် အကြံပြုချက် အစီရင်ခံစာအား
ပေးပို့ရန်စီစဉ်နေပြီး ရက်အတိအကျကိုမူ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း
ဦးဝင်းမြင့်၏ ပြောကြားချက်အရ သိရသည်။ အလားတူ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်
ဦးဥာဏ်ဝင်းကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် အစီရင်ခံစာကို
ဒီဇင်ဘာ ၂၁ ရက် နောက်ပိုင်းတွင် လွှတ်တော် ပူးပေါင်းကော်မတီသို့ ပေးပို့ရန်
ရေးသားနေကြောင်း ဒီဇင်ဘာ ၁၈ ရက်က ပြောကြားထားသည်။
အဆိုပါ
အစီရင်ခံစာနှင့် ပတ်သက်၍ ပုဒ်မတစ်ခုချင်းစီအလိုက် အကြံပြုချက်ကို
ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ဒီမိုကရေစီ ကျင့်စဉ်နှင့် မကိုက်ညီသည့်
အချက်များ၊ ပြည်ထောင်စုမူနှင့် မကိုက်ညီသည့် အချက်များ၊ လူ့အခွင့်အရေး၊
တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့် မရှိသည့်
ကိစ္စရပ်များကို အကြံပြုထားကြောင်း သိရသည်။
''အချက်တစ်ရာကျော်
ရှိပါတယ်။ ကျွန်တော်တို့က ရဟန်းရှင်လူ ပြည်သူ၊ ကျောင်းသား၊ ကျောင်းသူတွေက
အသက်ချွေးတွေ ပေးဆပ်ခဲ့တာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ရချင်လို့ဆိုတော့
ကျွန်တော်တို့ရဲ့ အကြံပြုချက် တွေကလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး
ရရှိမယ့်၊ ဒီမိုကရေစီနည်းကျမယ့်၊ နောက်တစ်ခါ လူ့အခွင့်အရေး
အာမခံချက်ရရှိမယ့် အကြံပြုချက်တွေကိုပဲ တင်မှာပါ'' ဟု ဗဟိုအလုပ် အမှုဆောင်
ဦးဝင်းမြင့်က ပြောကြားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ
အခြေခံဥပဒေနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ အနေဖြင့် စက်တင်ဘာ
အတွင်းက တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြင်ဆင်ရေး
(သို့မဟုတ်) အသစ်ရေးဆွဲရေးအား တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခြင်း မရှိသဖြင့်
ပြည်သူ့ဆန္ဒ သဘောထားရယူရန် ဆုံးဖြတ်ခဲ့ပြီးနောက် အဖွဲ့ခုနစ်ဖွဲ့ခွဲကာ
တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ခရိုင်၊
မြို့နယ်အဆင့်များအား ရှင်းလင်းဟောပြောမှုများ လိုက်လံလုပ်ဆောင်ခဲ့ပြီး
ပြည်သူ့သဘောထား ရယူရာတွင် ရာခိုင်နှုန်း ၉၀ မှာ ပြင်ဆင်ရေး လမ်းကြောင်းကို
ဆန္ဒပြုကြ ခဲ့ကြသည်။
ထိုသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏
တိုင်းရင်းသား ပါတီများနှင့် တွေဆုံ ဆွေးနွေးမှုအပြီး ထုတ်ပြန်ချက်၌လည်း
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား လေ့လာရာတွင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက်
မရှိမဖြစ် လိုအပ်သော တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံရေးနှင့်
စစ်မှန်သော ပြည်ထောင်စု ထူထောင်ရေး အတွက် အဟန့်အတား ဖြစ်နေသည့်
ပြဋ္ဌာန်းချက်များ၊ အပြန်အလှန် ထိန်းကျောင်းရမည့် ဒီမိုကရေစီ မဏ္ဍိုင်ကြီး ၃
ရပ်အား တစ်ဖက်စောင်းနင်း ဖြစ်စေသော ပြဋ္ဌာန်းချက်များ၊ နိုင်ငံသားများ၏
တန်းတူညီမျှမှုကို အကာကွယ် ပေးနိုင်ခြင်း မရှိသည့် ပြဋ္ဌာန်းချက်များ၊ ၂၀၁၅
ခုနှစ် ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတရေးကို ထိခိုက်နေသည့်
ပြဋ္ဌာန်းချက်များကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး
ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင် ၁၀၉ ဦး ပါဝင်ပြီး အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်မှ အဖွဲ့ဝင်ခုနစ်ဦး ပါဝင်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်
ပတ်သက်၍ လေ့လာသုံးသပ်ချက် အစီရင်ခံစာအား ဇန်န၀ါရီ ၃၁ ရက် မတိုင်မီ
ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး ယင်းနောက်တွင်မှ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြင်ဆင်ရေး အခြေအနေအား သိရှိရမည် ဖြစ်သည်။
Eleven Media Group
No comments:
Post a Comment