ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆင်းရဲနွမ်းပါး သက်ကြီးဘိုးဘွားများအား
စောင့်ရှောက်ရေးနေ့ ဂေဟာများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
ဦးဆောင်ဖွင့်လှစ်ရန် တိုက်တွန်းကြောင်းအဆိုကို ဒီဇင်ဘာ ၉
တွင်ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သတ္တမပုံမှန်အစည်းအဝေးတွင်
ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာညိုညိုသင်းက တင်သွင်းခဲ့ရာ အဆိုမအောင်မြင်ခဲ့၍ နောက်တစ်ကြိမ်
လွှတ်တော်အစည်းအဝေးတွင် ထပ်မံတင်ပြမည်ဖြစ်ကြောင်း သိရသည်။
ယင်းအဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်သုံးဦးက
ထောက်ခံဆွေးနွေးခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း
စောင့်ရှောက်မှုပေးရန် ဘတ်ဂျက်မရှိ၍ သဘောမတူခြင်းနှင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ
လွှတ်တော်ကိုယ်စားလှယ်အများစု ကန့်ကွက်ခဲ့ကြသဖြင့်
အဆိုရှုံးနိမ့်သွားခဲ့ရခြင်းဖြစ်သည်။
ထိုသို့ အဆိုတင်သွင်းမှုအား
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက
ပြန်လည်ရှင်းလင်းရာတွင် သက်ကြီးရွယ်အိုများအား
နေ့ပိုင်းစောင့်ရှောက်ရေးစင်တာကို ကမ္ဘာအေးစေတီလမ်းတွင်
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့်
နိုဝင်ဘာ ၁၀ ရက်တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ယင်းလုပ်ငန်းများအတွက်
ငွေစာရင်းခေါင်းစဉ် သီးသန့်ရန်ပုံငွေမရှိ၍ စောင့်ရှောက်ပေးရန်
အခက်အခဲရှိကြောင်း၊ သို့ရာတွင်တတ်စွမ်းသလောက်
စောင့်ရှောက်ပေးလျက်ရှိကြောင်းဖြင့် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာညိုညိုသင်းအနေဖြင့် နောက်တစ်ကြိမ်ပြုလုပ်မည့် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်အစည်းအဝေးတွင် ယင်းကိစ္စကို ကြယ်ပွင့်ပြမေးခွန်းအနေဖြင့်
ထပ်မံမေးမြန်းတင်ပြသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။
"အန်တီအနေနဲ့ဒီကိစ္စကို ဆက်စပ်မေးခွန်းအနေနဲ့ နောက်တစ်ကြိမ်လုပ်မယ့်
လွှတ်တော်အစည်းအဝေးမှာ တင်သွားပါမယ်။ တင်တဲ့အခါမှာလည်း ရန်ကုန်တိုင်းဒေသကြီး
အစိုးရအနေနဲ့ဒီကိစ္စကို သူတို့တတ်နိုင်သလောက် လုပ်နေတယ်ဆိုရင်
ဘယ်လိုလုပ်နေတာလဲ။ ရန်ကုန်တိုင်းဘတ်ဂျက်ထဲကနေ ဘယ်လောက်သုံးနေသလဲ
စသည်မေးမြန်းသွားမှာပါ။ နောက်တစ်ကြိမ် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်အစည်းဝေးကတော့ ဖေဖော်ဝါရီမှာ (သို့မဟုတ်) ဧပြီလောက်မှာ
လုပ်ဖြစ်မယ်လို့ထင်တယ်"ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ကြီးဘိုးဘွားများတွင်
တောင်းရမ်းစားသောက်သူများရှိနေကြောင်း၊ ယင်းအတွက် သက်ကြီးရွယ်အိုများကို
ထိန်းသိမ်းခဲ့ရမှုများလည်းရှိကြောင်း၊ လမ်းတံတားဆောက်လုပ်ရေး
လုပ်ငန်းများတွင် ငွေကျပ်ဘီလျံပေါင်းများစွာ အကုန်အကျခံတည်ဆောက်ခဲ့သည့်အတူ
လူမှုရေးလုပ်ငန်းဖြစ်သည့် ဆင်းရဲနွမ်းပါးဘိုးဘွားများကို
စောင့်ရှောက်မှုလုပ်ငန်းများတွင်လည်း ဘဏ္ဍာငွေများမျှဝေသုံးစွဲသင့်ကြောင်း
ဒေါက်တာညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား
တိုက်တွန်းပြောကြားသည်။
Eleven Media Group
No comments:
Post a Comment