ယခုရာသီ Ballon d'Orဆုသည် ခရစ္စတီယာနို၏ လက်ထဲမှ ပြေးလွတ်နိုင်စရာ
အကြောင်းမရှိဟု ရီးယဲလ်မက်ဒရစ် အသင်းဖော် အေဆာ အီလာရာမန်ဒီက
ပြောကြားလိုက်သည်။
အသက်(၂၈)နှစ်ရှိ
ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်သည် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား
အဖြစ် ရွေးချယ် ချီးမြှင့်သည့်ဆုကို (၂၀၁၃)ခုနှစ်အတွက် ရသင့် ရထိုက်ကြောင်း
လိုအပ်သည်ထက် များပြား သာလွန်စွာ သက်သေပြ ထားခဲ့ပြီးပြီဟု
မှတ်ချက်ပြုခဲ့သည်။ ယခုနွေရာသီတွင်မှ ရီးယဲလ်ဆိုစီဒက် အသင်းထံမှ
ပြောင်းရွှေ့လာသည့် အီလာရာမန်ဒီက ရီးယဲလ်တွင် ရာသီဝက်မျှ တွဲကစားပြီးနောက်
ရော်နယ်လ်ဒို၏ စွမ်းဆောင်ရည်များကို အလွန်အထင်ကြီးလျှက် ရှိသည်။
ရော်နယ်လ်ဒိုသည် (၂၀၁၃)ခုနှစ်အတွင်း ရီးယဲလ် အတွက် (၆၉)ဂိုးထိ သွင်းယူခဲ့သူ
ဖြစ်သည်။
"ဒီဂုဏ်ပြုဆုကို ရယူနိုင်ဖို့ အတွက် ရော်နယ်လ်ဒိုဟာ
လိုအပ်တဲ့ အတိုင်းအတာထက်တောင် သက်သေပြခဲ့ပြီးပါပြီ"ဟု အီလာရာမန်ဒီက ဆိုသည်။
"ကျွန်တော်ရော၊ ရီးယဲလ် တစ်သင်းလုံးကပါ ဒီဆုအတွက် သူသာ ရေပန်းအစားဆုံး
ဖြစ်နေပြီလို့ တညီတညွတ်တည်း ယုံကြည်ထားပါတယ်" ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ရော်နယ်လ်ဒိုသည် (၂၀၁၂)ခုနှစ် Ballon d'Orဆုရှင် လီယွန်နယ်လ်မက်ဆီ၊
ဘိုင်ယန်မြူးနစ်နှင့်အတူ ဆုဖလားများစွာ သိမ်းကျုံး ရယူနိုင်ခဲ့သည့်
ဖရန့်ခ်ရစ်ဘာရီတို့နှင့် အတူ ယင်းဆုအတွက် အားပြိုင်ရမည် ဖြစ်သည်။
Ref:Goal
Soccer Myanmar
No comments:
Post a Comment