မန္တလေးတိုင်းဒေသကြီး အတွင်း လူသတ်မှု ဖြစ်ပွားမှုကို ၂၀၀၉ ခုနှစ်မှစ၍ ၂၀၁၃
အထိ နှိုင်းယှဉ်ပါက ဖြစ်ပွားသည့် အရေအတွက်မှာ တစ်ရှိန်ထိုး
မြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းများအရ
သိရသည်။
မန္တလေးတိုင်း ဒေသကြီးတွင် ၂၀၀၉ ခုနှစ်က လူသတ်မှု ၇၄ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် လူသတ်မှုပေါင်း ၁၁၂ မှု ဖြစ်ပွားခဲ့ကြောင်းနှင့်
၂၀၁၃ ခုနှစ်အတွင်း လူသတ်မှုပေါင်း ၁၂၈ မှုဖြစ်ပွားခဲ့ရာ ငါးနှစ်အတွင်း
လူသတ်မှုပေါင်း ၅၄ မှုခန့် တိုးလာကြောင်း အဆိုပါ မှတ်တမ်းများအရ ထပ်မံ
သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် ဒုတိယအများဆုံး ဖြစ်ပွားမှုသည်
မုဒိမ်းမှုဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း ၇၅ မှု၊ ၂၀၁၂ ခုနှစ်တွင် ၆၀
မှုဖြစ်ပွားခဲ့ကာ တတိယအများဆုံး အမှုမှာ တိရစ္ဆာန်ခိုးမှု ဖြစ်ကြောင်း ယင်း
မှတ်တမ်းများအရ သိရသည်။
လူသတ်မှုများသည် ရန်ငြိုးကြောင့်
ဖြစ်ပွားမှု နည်းပါးပြီး အရက်သေစာ သောက်စားခြင်း၊ လက်နက်ပုန်းများ
ကိုင်ဆောင် သွားလာခြင်းနှင့် ဒေါသကြောင့် အများဆုံး ဖြစ်ပွားကာ
မုဒိမ်းမှုများသည် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ နည်းပါးခြင်း၊ ပြစ်မှုနှင့်
ပြစ်ဒဏ်ကို မသိနားမလည်ခြင်း၊ ဥပဒေ လေ့လာလိုက်စားမှု အားနည်းခြင်း၊ ဘာသာရေး
ရိုသေကိုင်းရှိုင်းမှု နည်းပါးခြင်း တို့ကြောင့် အဖြစ်များကြောင်း အဆိုပါ
ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
"တိရစ္ဆာန်ခိုးမှုတွေ ဆိုရင် ညဥ့်နက် အချိန်ဖြစ်ပွားတယ်။ စားကျက်တွေမှာ
အထိန်းအကျောင်းမဲ့ လွှတ်ထားခြင်း တွေကြောင့် ဖြစ်တယ်" ဟု အဆိုပါတာဝန်ရှိ သူက
ထပ်မံဆိုသည်။
အဆိုပါ မှုခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး
မှုခင်းလျော့ကျရေး အတွက် အသိပညာ ပေးခြင်း၊ ကြိုတင်ကာကွယ် ဆောင်ရွက်ခြင်း၊
အရေးယူ ဆောင်ရွက်ခြင်း၊ စဉ်ဆက်မပြတ် အကဲဖြတ် ဆန်းစစ်ခြင်း၊
စွမ်းရည်မြှင့်တင် ဆောင်ရွက်ခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်းများ
ပြုလုပ်မည်ဖြစ်ပြီး မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေး၊ ပြန်ကြားရေးနှင့်
ပြည်သူ့ ဆက်ဆံရေး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲစခန်းမှူး၊ ပညာရေး၊
မီဒီယာများ၊ NGO အဖွဲ့များနှင့် ပူးပေါင်း၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း
တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ထပ်မံ ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment