လူထုပုံရိပ် သတင်းဂျာနယ်တွင် ဖော်ပြထားသည့် အယ်ဒီတာ့ အာဘော်နှင့်
သတင်းရေးသားမှု အချို့အတွက် ယင်းဂျာနယ် ထုတ်ဝေသူကို ပြည်ထဲရေး ဝန်ကြီးဌာန
ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့ (S. က ဇန်နဝါရီလ ၃ ရက်နေ့တွင် ခေါ်ယူ
သတိပေးလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က အတည်ပြု ပြောကြားသည်။
ဇန်နဝါရီလ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေသည့် လူထုပုံရိပ် သတင်းဂျာနယ် အတွဲ
(၂) အမှတ် (၁၄) တွင် ဖော်ပြထားသည့် အရေးအသားအချို့မှာ အများပြည်သူ
ဆူပူစေရန် လှုံ့ဆော်သည့် အရေးအသားမျိုး ဖြစ်နေပြီး တရားဥပဒေ
စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေနိုင်သဖြင့် ယင်းသို့
ခေါ်ယူ သတိပေးခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“မှတ်ပုံတင်
ထုတ်ပေးတဲ့ဌာနကလည်း ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ထောက်ပြ
(ခေါ်ယူတွေ့ဆုံ) ဖို့ ရှိပါသေးတယ်” ဟု ဒုတိယဝန်ကြီးက ဆိုသည်။
လူထုပုံရိပ် သတင်းဂျာနယ်တွင် ဖော်ပြထားသည့် အယ်ဒီတာ့အာဘော်၊
တရားစီရင်ရေးအပေါ် သမ္မတဂုတ် ခွစီးဟုဆိုနှင့် ၂၀၁၄ တွင် မင်းပြောင်းမင်းလွဲ
ဖြစ်နိုင်ဟူသည့် သတင်းဖော်ပြမှု သုံးခုအတွက် ထုတ်ဝေသူကို သတင်းတပ်ဖွဲ့
တိုင်းတာဝန်ခံ ဦးကျော်ကျော်ဟန်က ခေါ်ယူ သတိပေးခြင်း ဖြစ်ကြောင်း
လူထုပုံရိပ် အမှုဆောင် စာတည်း ဦးခင်ဝင်းက ပြောကြားသည်။
အဆိုပါ
ရေးသားမှုများမှာ ဥပဒေကြောင်းအရ အရေးယူနိုင်သည့် ကိစ္စရပ်များ ဖြစ်သည့်အတွက်
ဂျာနယ်၏ ရေးသား ဖော်ပြမှုကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်
ဦးကျော်ကျော်ဟန်က ပြောဆိုခဲ့ပြီး ယခုအကြိမ်မှာ ခေါ်ယူဆွေးနွေးခြင်းသာ
ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ထုတ်ဝေသူ၏ ပြန်လည် ပြောကြားချက်ကို ကိုးကား၍
ဦးခင်ဝင်းက ရှင်းပြသည်။
“ထုတ်ဝေသူကို ဓာတ်ပုံ ရိုက်ထားပြီး မနက်ဖြန်ထွက်မယ့် အစိုးရ သတင်းစာတွေမှာ သတင်းဖော်ပြမယ်လို့ ပြောတယ်” ဟု ၎င်းကဆိုသည်။
ဂျာနယ် ထုတ်ဝေသူကို ရဲတပ်ဖွဲ့က ခေါ်ယူသတိပေးခြင်းမှာ အစဉ်အလာမရှိဘဲ ယခင်က
စာပေစိစစ်ရေးမှတစ်ဆင့် ပြောဆိုပြီး ယခုအချိန်တွင် စာနယ်ဇင်း
ကောင်စီမှတစ်ဆင့် အကြောင်းကြားကာ သက်ဆိုင်ရာ အယ်ဒီတာအဖွဲ့ကို ခေါ်ယူ
ဆွေးနွေးခြင်းမျိုးသာ ရှိကြောင်း၊ သတင်းတပ်ဖွဲ့၏ ခေါ်ယူ သတိပေးမှုကြောင့်
လူထုပုံရိပ်၏ မူဝါဒကို ပြောင်းလဲမည် မဟုတ်ကြောင်း ဦးခင်ဝင်းက ထပ်လောင်း
ပြောကြားသည်။
ဒုတိယဝန်ကြီး ဦးရဲထွဋ်ကမူ မြန်မာနိုင်ငံ
စာနယ်ဇင်းကောင်စီ (ယာယီ) ၏ စာနယ်ဇင်းဆိုင်ရာ ပြဿနာများကို ဝင်ရောက်
ဖြေရှင်းမှုအပေါ် သက်ဆိုင်ရာ စာနယ်ဇင်း အဖွဲ့များက လိုက်နာမှု
အားနည်းသည့်အပြင် ယင်းသို့ ခေါ်ယူသတိပေးခြင်းမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က
အရေးယူမှုကို တိုက်ရိုက် ကိုင်တွယ်ရသူ ဖြစ်သည့်အတွက် ဖြစ်ကြောင်း
ရှင်းလင်းပြောကြားသည်။
သို့သော် မြန်မာနိုင်ငံ
စာနယ်ဇင်းကောင်စီသို့ ရောက်ရှိ အကြောင်းကြားလာသည့် အငြင်းပွားမှုများနှင့်
ပတ်သက်၍ ကောင်စီက ၉၀ ရာခိုင်နှုန်းနှင့်အထက် ဖြေရှင်းနိုင်ခဲ့ပြီး ယင်းသို့
ဖြေရှင်းထားမှုကို စာရင်းဇယားနှင့် ထုတ်ပြနိုင်ကြောင်း၊ စာနယ်ဇင်း ကောင်စီ၏
ဖြေရှင်းမှုကို လိုက်နာမှု အားနည်းသည် ဆိုပါက အထောက်အထားနှင့် ပြသရန်
လိုအပ်ကြောင်း ကောင်စီ အတွင်းရေးမှူးက ပြောဆိုသည်။
လူထုပုံရိပ်
သတင်းဂျာနယ်ကို ခေါ်ယူ သတိပေးမှုနှင့် ပတ်သက်၍ မည်သို့ ဆက်လက်
ဆောင်ရွက်မည်ကို ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့များ ဆွေးနွေး ဆုံးဖြတ်သွားမည်
ဖြစ်ကြောင်း အမှုဆောင် စာတည်း ဦးခင်ဝင်းက ပြောဆိုသည်။
ယင်းသို့
လူထုပုံရိပ် ဂျာနယ်ကို ပြည်ထဲရေးက တိုက်ရိုက်ခေါ်ယူ သတိပေးခဲ့သော်လည်း
သတင်းမီဒီယာများ အကြား၌ပင် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် သူရိယနေဝန်း
ဂျာနယ်၏ ရေးသား ဖော်ပြမှုများ အတွက်မူ အစိုးရအဖွဲ့က တိုက်ရိုက်
ကိုင်တွယ်မှုမရှိဘဲ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကိုသာ
လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်ရန် အကြောင်းကြားခဲ့သည်။
ယင်းအပေါ်
ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က လူထုပုံရိပ်၏ အရေးအသားမှာ
အများပြည်သူနှင့် သက်ဆိုင်သဖြင့် တိုက်ရိုက်ခေါ်ယူ သတိပေးခြင်း ဖြစ်ပြီး
သူရိယနေဝန်း၏ ဖော်ပြချက်များမှာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် သို့မဟုတ်
အဖွဲ့အစည်းတစ်ခုနှင့် သက်ဆိုင်သည်များ ဖြစ်၍ သက်ဆိုင်သူ ကာယကံရှင်များ၏
တင်ပြ တိုင်ကြားမှုအပေါ် မူတည်၍သာ အရေးယူ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊
အများပြည်သူနှင့် သက်ဆိုင်ခြင်း မရှိ၍ အစိုးရက တိုက်ရိုက် ဝင်ရောက်
ကိုင်တွယ်မည် မဟုတ်ကြောင်း ရှင်းလင်း ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment