တစ်နိုင်ငံလုံးအတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရန်အတွက်
အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏
ဘားအံဆွေးနွေးပွဲကို ဖေဖော်ဝါရီ နောက်ဆုံးပတ်သို့
ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
အစိုးရ၏
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအတိုင်းအတာအရ
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) တို့သည် ၂၀၁၃
ခု နှစ် ဒီဇင်ဘာလကပင် ဘားအံမြို့၌ တွေ့ဆုံရန်စီစဉ်ခဲ့သည်။ ထို့နောက်
ဒီဇင်ဘာမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီသို့ ထပ်မံရွှေ့ဆိုင်းလိုက်ပြီး
ယခုဇန်န၀ါရီမှ ဖေဖော်ဝါရီနောက်ဆုံးပတ်သို့ ထပ်မံရွှေ့ဆိုင်း
လိုက်ခြင်းဖြစ်သည်။
“ဖေဖော်ဝါရီ ၂၄ နောက်ပိုင်းလောက်
ဖြစ်သွားလိမ့်မယ်လို့ ထင်ပါတယ်။ နှစ်ဖက်စလုံးမှာ ပြင်ဆင်စရာတွေရှိတယ်လေ။
အထူးသဖြင့်ကတော့ အဖြေကောင်းထွက်ဖို့လိုတယ်။ အဲဒါကြောင့်
ရွှေ့ဆိုင်းလိုက်တာပါ။ အဖြေကောင်းမထွက်ဘူးဆိုရင် ကျွန်တော်တို့ရော၊
သူတို့ရော၊ တိုင်းပြည်အတွက်ရော မကောင်းနိုင်ဘူးလေ။ ပြင်ဆင်စရာတွေအတွက်
အချိန်ယူချင်လို့ ရွှေ့လိုက်တာပါ။ အနုတ်လက္ခဏာမဆောင်ပါဘူး။ ရလဒ်ကောင်း
ထွက်ချင်လို့ ရွှေ့လိုက်တာဖြစ်ပါတယ်”ဟု (NCCT)
အဖွဲ့ဝင်တစ်ဦးဖြစ်သည့်ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက The Daily Eleven
သို့ ပြောကြားသည်။
“ကျွန်တော်နားလည်သလောက်ကတော့
ဝန်ကြီးဦးအောင်မင်းနဲ့ သူတို့ တိုက်ရိုက်တော့ ညှိနှိုင်းနေတာရှိတယ်။
ရလဒ်ပိုပြီးတော့ကောင်းဖို့အတွက် ဘားအံမတိုင်မီ ပြန်လည်ပြီးတော့ တွေ့ဆုံပြီး
ညှိနှိုင်းဖို့ဆိုတာ သိထားပါတယ်”ဟု Myanmar Peace Center မှ ဦးလှမောင်ရွှေက
ဆိုသည်။
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် (NCCT)
တို့၏ ဘားအံဆွေးနွေးပွဲကို ဖေဖော်ဝါရီ နောက်ဆုံးပတ်သို့
ရွှေ့ဆိုင်းလိုက်သော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ
လေးဝါး(ခေါ်) လောခီးလားစခန်းတွင် ပြုလုပ်မည့်တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ်ညီလာခံကိုမူ ရက်ရွှေ့ဆိုင်းခြင်းမရှိ
ကြောင်းသိရသည်။ KNU ထိန်းချုပ်နယ်မြေတွင် ပြုလုပ်မည့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ်ညီလာခံကို ဇန်န၀ါရီ ၂၀
ရက်မှ ၂၂ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။
ပထမအကြိမ်
တိုင်းရင်းသားလက်နက်ကိုင်များ၏ ထိပ်သီးအစည်းအဝေးကို ၂၀၁၃ ခုနှစ် အောက်တိုဘာ
၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကချင်လွတ်မြောက်ရေးအဖွဲ့
(ကေအိုင်အို)ဌာနချုပ်ရှိရာ လိုင်ဇာဒေသ၌ ပြုလုပ်ခဲ့ရာ လိုင်ဇာသဘောတူညီချက်
၁၁ ချက်နှင့် အစိုးရနှင့် တစ်နိုင်ငံလုံးအတိုင်းအတာ
အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးရန်အတွက် လက်နက်ကိုင်အဖွဲ့ ၁၃
ဖွဲ့မှ ကိုယ်စားလှယ်များပါဝင်သော တစ်နိုင်ငံလုံးအတိုင်းအတာ
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကို ဖွဲ့စည်းခဲ့သည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်များတွင် ကချင်ပြည်နယ်
မြစ်ကြီးနားမြို့၌ ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အတိုင်းအတာ
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံဆွေးနွေးမှု
ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု
ပြုလုပ်နိုင်ရန် ဒီဇင်ဘာလအတွင်း၌ ထပ်မံတွေ့ဆုံရန်
သဘောတူညီမှုရရှိခဲ့သော်လည်း ဒီဇင်ဘာလအတွင်း၌ ပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။
ယခုလပိုင်းအတွင်း အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် (NCCT)
ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌
တွေ့ဆုံခဲ့သည့်အပြင် ယခုရက်ပိုင်းများတွင်လည်း
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင်များ ချင်းမိုင်မြို့သို့
သွားရောက်ပြီး (NCCT) ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ဆက်တိုက်တွေ့ဆုံကာ
အပစ်အခတ်ရပ်စဲရေးအတွက် အဖြေတစ်ခုရရှိနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
နိုဝင်ဘာလဆန်းက ပြုလုပ်ခဲ့သော မြစ်ကြီးနားဆွေးနွေးပွဲတွင် NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ ဆွေးနွေးနေစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
Eleven Media Group
No comments:
Post a Comment