၁၉၈၈ ခုနှစ် အရေးအခင်းတွင် အရေးယူခံခဲ့ရသည့် နိုင်ငံဝန်ထမ်းများအား
လက်ရှိအစိုးရအနေဖြင့် တစ်စုံတစ်ရာ ဆောင်ရွက်ပေးရန် မရှိကြောင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏မေးခွန်းအား
ကြယ်ပွင့်မပြမေးခွန်းအဖြစ် အိတ်ပိတ်ဖြေကြားခဲ့သည်။
ဦးသိန်းညွန့်က
မေးမြန်းရာတွင် “၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင် နိုင်ငံဝန်ထမ်းများသည်
လမ်းလျှောက်ဆန္ဒပြခြင်း၊ သမဂ္ဂများတွင် ဒီမိုကရေစီရေးအတွက် ပါဝင်ခြင်းများ
ရှိခဲ့ရာမှ နိုင်ငံဝန်ထမ်းများအား ရာထူးမှထုတ်ပယ်ခြင်း၊
တာဝန်မှရပ်စဲခံရခြင်း၊ အငြိမ်းစားပေးခြင်းများ၊ အချို့ဝန်ထမ်းများအား
ထောင်ဒဏ်ပြစ်ဒဏ်များပါ ချမှတ်ခံခဲ့သည်ကို ပြည်ထောင်စုအစိုးရ အနေဖြင့်
သိရှိခြင်း ရှိ၊ မရှိ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်းမရှိဘဲ
အလုပ်ထုတ်ခံရခြင်း၊ တာဝန်မှ ရပ်စဲခံရခြင်း၊ ထောင်ဒဏ်ကျခံရခြင်းများ
ခံစားခဲ့ရသည့် အဆိုပါ ၀န်ထမ်းဟောင်းများအတွက် နိုင်ငံတော်အစိုးရက
စီစဉ်ပေးရန် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သို့ဆောင်ရွက်ပေးပါမည်နည်း”
ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါမေးမြန်မှုနှင့် ပတ်သက်၍
ပြည်ထောင်စု အစိုးရအဖွဲ့မှ ပြန်လည်ဖြေကြားရာတွင် “နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးမှ ၁၃-၁၁-၁၉၈၈ ရက်နေ့တွင်
ဒီမိုကရေစီ အခွင့်အရေး ဆန္ဒပြ တောင်းဆိုပွဲများတွင်
ပါဝင်ဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်သည့် ခံဝန်ချက်များရယူရေး ကိစ္စနှင့်
ပတ်သက်၍ အစိုးရအဖွဲ့ရုံး၊ တရားရုံးချုပ်၊ ရှေ့နေချုပ်ရုံး၊
စာရင်းစစ်ချုပ်ရုံး၊ ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့နှင့်
ဝန်ကြီးဌာနအားလုံးသို့ ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင်
အစိုးရအဖွဲ့အနေဖြင့် ဆန္ဒပြရုံနှင့် အရေးယူမည်မဟုတ်ကြောင်း၊ ၁၉၈၈ ခုနှစ်
အောက်တိုဘာ ၃ ရက် နောက်ဆုံးထား၍ လုပ်ငန်းခွင်ဝင်ရောက်ရန်နှင့်
ထိုထက်ကျော်လွန်သူများအား ၀န်ထမ်းစည်းမျဉ်းအရ အရေးယူမည် စသည်ဖြင့်
ထုတ်ပြန်ခြင်းသာရှိကြောင်း၊ ဆန္ဒပြခဲ့သူ ၀န်ထမ်းများအား ဆန္ဒပြရုံဖြင့်
အရေးယူမည်မဟုတ်ဘဲ ရာဇ၀တ်မှု၊ ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှု
ပြုလုပ်နေသူများကိုသာ လိုအပ်သလို အရေးယူမည်ဟု ညွှန်ကြားခဲ့သည်ကို
တွေ့ရှိရပါတယ်။ အဆိုပါ ၀န်ထမ်းများအား သူ့ခေတ်သူ့အခါအလိုက် အစိုးရအဖွဲ့မှ
ပြစ်ဒဏ်အသီးသီးဖြင့် အရေးယူခဲ့ခြင်းဖြစ်၍ လက်ရှိအစိုးရအဖွဲ့အနေဖြင့်
တစ်စုံတစ်ရာဆောင်ရွက်ပေးရန် အစီအစဉ် မရှိကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။
ဦးသိန်းညွန့်မေးမြန်းသည့် တရားသူကြီးများအား အရေးယူထားမှု အခြေအနေကိုလည်း
ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ကြယ်ပွင့်မပြ အိတ်ပိတ်ဖြေကြားမှုအဖြစ်
ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
Eleven Media Group
No comments:
Post a Comment