တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အေး ရိပ်ငြိမ် ရပ်ကွက်
တော်ဝင်လမ်းတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က အသေးစား
တောမီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း အေးရိပ်ငြိမ် ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။
လူနေအိမ်ခြေနှင့် ကပ်လျက် အနောက်ဘက်ရှိ သက်ကယ်ခြောက်တောမှ
မီးစတင်
လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ တောင်အောက်က စတင်လောင်ကျွမ်းခြင်း
ဖြစ်ပြီး လေပြင်းတိုက်နေသည့်အချိန် ဖြစ်သည့်အတွက် တောင်ပေါ်အထိ မီးအနည်းငယ်
ကူးစက်သွားခဲ့ကြောင်း ယင်းရပ်ကွက်နေ ဦးရီတင်က ပြောကြားသည်။
“လူနေအိမ်ခြေတွေကိုတော့ မီးမကူးဘူး” ဟု ဦးရီတင်က ဆိုသည်။
မီးလောင်လောင်ချင်း ရပ်ကွက်အတွင်း ရေရောင်းနေသည့် ရေသယ်ယာဉ် သုံးစီး၊
မီးသတ်ကား တစ်စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ပြီး ရပ်ကွက်နေ ပြည်သူများနှင့်
ကုန်တင်ကုန်ချ အလုပ်သမားများက ဝိုင်းဝန်း ကူညီပေးခဲ့သဖြင့် နာရီဝက်အတွင်း
ငြှိမ်းသတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးရီတင်က ပြောကြားသည်။
“မီးလောင်တာ တစ်ဧကလောက်ပဲ ရှိတယ်။ ဆုံးရှုံးမှုတော့ မရှိဘူး။ ဒါ ဒီနှစ်မှာ
ပထမဆုံးအကြိမ်ပဲ။ နောက် ဒါမျိုး ထပ်မဖြစ်အောင် သတိထားကြဖို့တော့ လိုတယ်” ဟု
အေးရိပ်ငြိမ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဖိုးလှအောင်က ဆိုသည်။
ယင်းမီးလောင်မှုသည် မည်သည့် နေရာက စလောင်သည်ကို မသိရသေးကြောင်း၊
တောမီးလောင်ခြင်း ဖြစ်သည့်အတွက် ပေါ့ဆမီးဟု ယူဆပြီး မည်သည့် အတွက်ကြောင့်
လောင်သည်ကို စုံစမ်း စစ်ဆေးသွားမည် ဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment