လမ်းဘေးဈေးဆိုင် အချို့၌ ရောင်းချနေသည့် အစားအစာများတွင် အူလမ်းကြောင်းနှင့် ၀မ်းရောဂါကို ဖြစ်စေသော အဆိပ်ထွက်သည့်ပိုးများ လေ့လာတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လေ့လာတွေ့ရှိချက်ကို ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)ရှိ
အမျိုးသား အဆိပ်ထိန်းချုပ်မှုဌာန၊ ဇီဝအဆိပ်ဗေဒ သုတေသန ဌာနခွဲမှ သုတေသီများက
ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်ငါးမြို့နယ်တွင် သုတေသန ပြုလုပ်ခဲ့ခြင်း
ဖြစ်ကြောင်းနှင့် မြို့နယ်တစ်ခုစီမှ အစာနမူနာ ၃၀ စီ ကောက်ယူခဲ့ပြီး
စုစုပေါင်း အစာနမူနာ ၁၅၀ ကို စမ်းသပ်လေ့လာ ခဲ့ခြင်းဖြစ်သည်။
စမ်းသပ်ရာတွင် အစာနမူနာများကို လိုအပ်သလို ပြင်ဆင်ကာ
ပိုးမွေးမြူခြင်းနည်းဖြင့် စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ပိုးအစုအဝေး၏
ဝိသေသလက္ခဏာ၊ ဆေးအရောင်စွဲမှု၊ အထူးစမ်းသပ်ချက်နှင့် ဇီဝဓါတု နည်းပညာများကို
အသုံးပြု၍ ပေါက်ဖွားလာသော ပိုးများကို အမှတ်အသား သတ်မှတ်ခဲ့ကြောင်းနှင့်
ယင်းပိုးများတွင် ပဋိဇီဝဆေး တိုးမတိုး၊ အဆိပ်ထုတ်မထုတ်ကို လည်းကောင်း
သက်ဆိုင်ရာ နည်းလမ်းများဖြင့် စမ်းသပ်ခဲ့ကြောင်း သိရသည်။
အစာနမူနာ
၁၅၀ အနက် ၅၂ ခု (၃၄ ဒသမ ၆၆ ရာခိုင်နှုန်း)တွင် အူလမ်းကြောင်း
ရောဂါဖြစ်စေသော စတက်ဖိုင်လိုကောကပ် အောရိယပ်ပိုးနှင့် ၀မ်းလျှောစေတတ်သော
ဘက်ဆီးလက်ဆီးရီးယပ် ပိုးများကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အူလမ်းကြောင်း ရောဂါဖြစ်စေသော စတက်ဖိုင်လိုကောကပ် အောရိယပ်ပိုးကို အစာနမူနာ
၃၂ ခုဖြစ်သည့် ပူတင်းသုံးခု၊ ဆင်းဒ၀စ်ခုနစ်ခု၊ ကြက်အူချောင်း ၂၀နှင့်
ပေါင်မုန့်ထောပတ်သုတ် ၂ ခုတွင် တွေ့ရှိခဲ့ရကြောင်းနှင့် ၀မ်းလျှောစေတတ်သော
ဘက်ဆီးလက် ဆီးရီးယပ်ပိုးများကို နမူနာ ၂၀ ခုဖြစ်သည့် မကြာခဏ ပြန်နွှေးနေသည့်
ထမင်းကြော် ၁၇ခုနှင့် ရေခဲမုန့် သုံးခုတို့တွင် တွေ့ရှိခဲ့ရကြောင်း
သိရသည်။
ထို့ပြင် အူလမ်းကြောင်းရောဂါ ဖြစ်စေသော
စတက်ဖိုင်လိုကောကပ် အောရိယပ်ပိုးမှ ထွက်ရှိသည့် စတက်ဖိုင်လိုကယ်
အူလမ်းကြောင်းအဆိပ် ဘီအမျိုးအစားကို နမူနာ ၂၃ ခုတွင် လည်းကောင်း၊ ၀မ်းလျှော
စေတတ်သော ဘက်ဆီးလက်ဆီးရီးယပ် ပိုးမှထွက်ရှိသည့် ဘက်ဆီးလက် ဆီးရီးယပ်
အူလမ်းကြောင်း အဆိပ်ကို နမူနာ ၁၄ ခု၌ တွေ့ရှိခဲ့ရကြောင်း သိရသည်။
အရေးပေါ် ဆေးကုသမှု လုပ်ငန်းများတွင် အစာအဆိပ်သင့်ခြင်းသည်
တစ်ခုအပါအ၀င်ဖြစ်ပြီး အစာတစ်ခုကို စတင်သည့် လယ်ယာမွေးမြူရေးခြံမှ
စားသုံးသည့် နေရာအထိ ကြားကာလ တစ်လျှောက်၌ သန့်ရှင်းမှု အားနည်းခြင်း အပါအ၀င်
အစားအစာ ဘေးအန္တရာယ် ကင်းဝေးရေးဆိုင်ရာ အသိပညာများ သိရှိမှု
အားနည်းခြင်းကြောင့် အစာအဆိပ်သင့်ခြင်း ဖြစ်စေတတ်ကြောင်းနှင့်
အစားပြင်ဆင်သူ၊ ကိုင်တွယ်သူ၊ ရောင်းချသူနှင့် စားသုံးသူများကို ကျန်းမာရေး
ပညာပေးရန် လိုအပ်ကြောင်း ကျန်းမာရေး ပညာရှင်များက ဆိုသည်။
Eleven Media Group
(ရန်ကုန်မြို့ လူစည်ကားရာ နေရာ၌ ဖွင့်လှစ်ရောင်းချနေသည့် လမ်းဘေးဈေးဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်))
No comments:
Post a Comment