ပြည်ပရောက် မြန်မာအလုပ်သမားများ အခက်အခဲ ကြုံတွေ့ပါက တာဝန်ယူ စေလွှတ်ခဲ့သော အေဂျင်စီ၊
ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အလုပ်သမား သံအရာရှိတို့ ပှုးပေါင်းကာ တာဝန်ယူ
ဖြေရှင်းရေးပေးရေးအတွက် အလုပ်သမားဌာနနှင့် ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု
လုပ်ငန်းရှင်အသင်းတို့ နေပြည်တော်တွင် ဆွေးနွေးခဲ့ကြောင်း အလုပ်သမား၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် မြန်မာအလုပ်သမားများအား ပြည်ပသို့
မစေလွှတ်မီ လုပ်ငန်းခွင် အကြိုသင်တန်းနှင့် ကျွမ်းကျင်မှု သင်တန်းများပေးရေး၊
တရားဝင် မိသားစု ငွေလွှဲပို့နိုင်ရေး၊ ပြည်ပရောက် မြန်မာအလုပ်သမားများ
အခက်အခဲ ကြုံတွေ့ပါက ဆက်သွယ် အကူအညီ တောင်းခံရမည့် နည်းလမ်းများ၊
အလုပ်သမားများ သိရှိစေရေးတို့အတွက် ဆောင်ရွက်ပေးရန်တို့ကို
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် အေဂျင်စီများ အနေဖြင့်
ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်ရာ၌ တရားဥပဒေ စိုးမိုးမှုရှိပြီး
လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းသည့်ဒေသ၊ စက်ရုံအလုပ်ရုံများ၊
လက်လှမ်းမီနိုင်သော နေရာများသို့သာ အလုပ်သမားများ စေလွှတ်ရေး၊ မိမိတာဝန်ယူ
စေလွှတ်ခဲ့သည့် အလုပ်သမားများအား အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ်သက်တမ်း
ကုန်ဆုံးသည်အထိ တာဝန်ယူ ဆောင်ရွက်ပေးရေးတို့ကို ၀န်ကြီးဌာနနှင့်
အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည့် ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်
အမှုဆောင်အသင်းတို့ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
မြန်မာနိုင်ငံ၏
လူဦးရေ ၁၀ ရာခိုင်နှုန်း ခန့်ရှိသော ရွှေ့ပြောင်းအလုပ်သမားများသည်
အိမ်နီးချင်း နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများတွင်
အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း အလုပ်လုပ်ကိုင်လျက်ရှိပြီး
ခေါင်းပုံဖြတ် ခံရခြင်းနှင့် အခွင့်အရေး ချိုးဖောက်ခံရခြင်းတို့ကို
ကြုံတွေ့နေရကြောင်း သိရသည်။
၂၀၁၃ ခုနှစ်အတွင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်တွင် တွေ့ရသော မြန်မာအလုပ်သမားများ-(ဓာတ်ပုံ-နေထွန်းနိုင်)
Eleven Media Group
No comments:
Post a Comment