မနေ့က ဘန်ကောက်မြို့ဗုန်းပေါက်ကွဲမှုမှာ လူ ၃၀ ကျော် ဒဏ်ရာရခဲ့ပေမယ့်
ထိုင်းဆန္ဒပြသူတွေကတော့ ဘန်ကောက်မြို့ပိတ်ဆို့ရေး အစီအစဉ်ကို ဇန်န၀ါရီလ ၁၈
ရက်နေ့ စနေနေ့မှာလည်း ဆက်လက်ဖော်ဆောင်နေကြပါတယ်။
ဗုန်းပေါက်ကွဲမှုကြောင့် ဆန္ဒပြသူတဦးသေဆုံးတယ်လို့ စနေနေ့အစောပိုင်းက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဇန်န၀ါရီလ ၁၇ ရက်နေ့က ချူလာလောင်ကောင် တက္ကသိုလ်အနီးမှာ ချီတက်ဆန္ဒပြ
လူအုပ်ထဲကို ဗုံးတလုံး ပစ်ထည့်ခဲ့လို့ အနည်းဆုံး လူ ၃၆ ဦး
ဒဏ်ရာရရှိခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုအတွက် ဆန္ဒပြသူတွေက အစိုးရကို
အပြစ်တင်ကြပြီး သူတို့ရဲ့ ဆန္ဒပြ တောင်းဆိုမှုတွေကို ဘယ်အရာနဲ့မှ
ရပ်တန့်လို့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဆန္ဒပြခေါင်းဆောင် ဆူတစ်
သောင်ဆူဘန်က တိုက်ခိုက်မှုနောက်ကွယ်မှာ အစိုးရရှိတယ်လို့ စွပ်စွဲခဲ့ပြီး
ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေရဲ့စိတ်ဓါတ်ကို ဘာနဲ့မှ ရိုက်ချိုးလို့
မရနိုင်ဘူးလို့ ဆိုပါတယ်။ ဆူတစ်ခေါင်းဆောင်မှုနဲ့ ဘန်ကောက်မြို့ ပိတ်ဆို့ရေး
အစီအစဉ်ဟာ ဇန်န၀ါရီလ ၁၃ ရက်နေ့ကတည်းက စတင်နေတာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ဆန္ဒပြပွဲအရှိန်ကို မြင့်တက်လာဖို့ မသေချာသေးပေမယ့်
ထိုင်းစစ်တပ်က ၀င်ရောက်ထိန်းသိမ်းစေဖို့ အခြေအနေကတော့ ဖြစ်လာစေပါတယ်။
ဗုန်းပေါက်ကွဲမှု နောက်ကွယ်က တာဝန်ရှိသူတွေကိုတော့ ဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။
ဆန္ဒပြသူတွေဟာ ၀န်ကြီးချုပ်ယင်လပ်ကို အဂတိလိုက်စားမှုတွေအတွက်
စွပ်စွဲထားပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့်
လုပ်ဆောင်နိုင်ဖို့ ရာထူးကဆင်းပေးဖို့ ဆန္ဒပြတောင်းဆိုနေကြတာပါ။
၂၀၁၀ ခုနှစ်က စစ်တပ်က ဖြိုခွင်းခဲ့လို့ လူအယောက် ၉၀ ကျော် သေဆုံးခဲ့တဲ့
သပ်ဆင်ထောက်ခံရေး ဆန္ဒပြပွဲတွေနောက်ပိုင်း အကြီးကျယ်ဆုံး လူထုဆန္ဒပြပွဲတွေ
ဘန်ကောက်မြို့မှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။
DVB
No comments:
Post a Comment