Pages

12.1.14

သင်္ဘောသားခြောက်ဦးကို မြန်မာအာမခံ လုပ်ငန်းက အသက်အာမခံကြေး ကျပ်သိန်း ၃၀၀ လျော်ကြေးပေး

သင်္ဘောတွင် အလုပ်လုပ်ကိုင်နေစဉ် ပျောက်ဆုံး၊ သေဆုံးခဲ့သည့် သင်္ဘောသား ခြောက်ဦးအတွက် သင်္ဘောသား အသက် အာမခံကြေးအဖြစ် ၎င်းတို့၏ မိသားစုကို
တစ်ဦးလျှင် ကျပ်သိန်းငါးဆယ်နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်းသုံးရာ ပေးလျော်လိုက်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။

အဆိုပါ သင်္ဘောသားများအနက် သုံးဦးသည် တောင်တရုတ်ပင်လယ်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က နစ်မြုပ်ခဲ့သည့် MV. Bright RubyobFam တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပျောက်ဆုံးနေဆဲ သင်္ဘောသားများ ဖြစ်ကြောင်း၊ ကျန်သုံးဦးမှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က MV. Lara Rickmars သင်္ဘောပေါ်တွင် တာဝန် ထမ်းဆောင်စဉ် ရေထဲပြုတ်ကျ ပျောက်ဆုံးခဲ့သည့် သင်္ဘောသားနှင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင်းက သင်္ဘောပေါ်တွင် နာမကျန်းဖြစ်၍ သေဆုံး ခဲ့သူနှစ်ဦး ဖြစ်ကြောင်း ဦးအေးမင်းသိန်းက ဆိုသည်။

အာမခံလျော်ကြေး ပေါ်လစီအရ ပျောက်ဆုံးသူများကို အနည်းဆုံး ၂ နှစ်စောင့်၍ ပြန်မတွေ့မှသာ ပေးရသဖြင့် ပျောက်ဆုံးနေသူ သုံးဦးကို လျော်ကြေးပေးရန် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း၊ ပျောက် ဆုံး၍ လေးငါးနှစ်ခန့် ကြာမှသာ ပြန်ပေါ်လာသည့် ဖြစ်စဉ်များကြောင့် ယင်းသို့ စောင့်ဆိုင်းရခြင်း ဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းထံမှ သိရှိရသည်။
“လျော်ကြေးငွေ ရပြီးမှ ပြန်ရောက်လာသူတွေ ရှိပေမယ့် ဒီငွေတွေကို မြန်မာ့ အာမခံလုပ်ငန်းက ပြန်မတောင်းပါဘူး” ဟု ဦးအေးမင်းသိန်းက ပြောကြားသည်။

ပျောက်ဆုံးနေသော သင်္ဘောသား ၂၈ ဦးကို အာမခံလျော်ကြေး ပေးအပ်ရန် ကျန်ရှိပြီး ယခုလ ၁၅ ရက်နှင့် ၂၄ ရက်နေ့တို့တွင် ပျောက်ဆုံးချိန် ၂ နှစ်ပြည့်၍ လျော်ကြေး ရရှိမည့်သူနှစ်ဦး ရှိကြောင်း မြန်မာ့အာမခံ လုပ်ငန်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment