Pages

20.1.14

သိမ်းဆည်းခံလယ်ယာမြေများ ပြန်ရရှိရေး၊ လယ်သမားများအား တရားစွဲထောင်ချမှုများ မပြုလုပ်ရေး ဆန္ဒပြမှုတွင် ဦးဆောင်သူနှစ်ဦးအား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်

အစိုးရဟောင်းလက်ထက်က သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး၊ လယ်သမားအရေး ဆောင်ရွက်နေသူများနှင့် လယ်မြေပြန်လည်ရရှိရန် တောင်းဆိုသော လယ်သမားများအား တရားစွဲထောင်ချမှုများ မပြုလုပ်ရေးတို့အတွက် လယ်သမား ၅၀၀ ခန့် စုပေါင်း၍ ဆန္ဒပြခဲ့သည့်ဖြစ်စဉ်မှ ဦးဆောင်သူနှစ်ဦးအား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ ဆန္ဒပြမှုအား ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ ဇန်န၀ါရီ ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ဦးဆောင်ပြုလုပ်သည့် နေမျိုးဇင်နှင့် ၀င်းချိုတို့နှစ်ဦးအား ကျောက်တံတား မြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆန္ဒပြပွဲကိုဧရာဝတီတိုင်းဒေသကြီး မော်ကျွန်းမြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တွံတေးမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် စသည့်မြို့နယ်များမှ လယ်သမား ၅၀၀ ခန့် စုပေါင်းလာရောက်ကြကာ ၎င်းတို့၏ လယ်ယာမြေ ဆုံးရှုံးနစ်နာမှုများအတွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
နိုင်ငံတော်အစိုးရက လယ်ယာမြေလုပ်ပိုင်ခွင့်များ ပြန်လည်ချပေးပြီ ဆိုသော်လည်း လက်ရှိတွင်မူ လုပ်ပိုင်ခွင့်များ မရရှိသေးသည့်အပြင် အမှုဖွင့်တရားစွဲ အရေးယူကာ ထောင်သွင်းအကျဉ်းချ ခံနေရခြင်းများရှိကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်လိုက်သည့်အတိုင်း မလိုက်နာသူများကို အရေးယူပေးရန် စသည့်အချက်များကို တောင်းဆိုကာ ကြွေးကြော်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ထို့အပြင် လယ်ယာမြေအရေး လယ်သမားများကိုယ်စား ဆောင်ရွက်နေသူများအား တရားစွဲဆို ထောင်ချနိုင်သော ပုဒ်မ ၄၄၇ နှင့် ၄၂၇ တို့အား အမြန်ဆုံး ရုပ်သိမ်းပေးရန်နှင့် ပြည်သူလူထု၏ဘ၀ကို မကြည့်သော အစိုးရဆိုးများအား ဖော်ထုတ်အရေးယူနိုင်သော ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန်လည်း တောင်းဆိုဆန္ဒပြခဲ့ကြသည်။
အဆိုပါဖြစ်စဉ်မှ အမှုဖွင့်ထားသူနှစ်ဦးအား စစ်ဆေးခြင်း၊ သက်သေများအား စစ်ဆေးခြင်းများ ပြုလုပ်ထားပြီး ၎င်းတို့အား ခံဝန်ပေးထားကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment