မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တစ်မျိုးဖြစ်သော ဝါးများသည် ယခင်ကထက် ခုတ်ယူရရှိမှု ရှားပါးလာသော အခြေအနေများ မြန်မာနိုင်ငံတွင်
ကြုံတွေ့လာရာ ယင်းပြုန်းတီးမှုနှင့် မြန်မာ့လက်မှုပညာ တစ်ရပ်ဖြစ်သော
ဝါးအချောထည် ပြုလုပ် ရောင်းချမှုသည် တိမ်မြုပ်ပျောက်ကွယ် သွားနိုင်သော
အခြေအနေ ကြုံတွေ့နေရကြောင်း ဝါးအချော ထည် ပြုလုပ်ရောင်းချသူများ ထံမှ
သိရသည်။
ပြည်ပဈေးကွက်သို့ နှစ်စဉ်ဝါး တင်ပို့သူ တစ်ဦးအနေဖြင့်
ကွန်တိန်နာအလုံး ၂ဝဝကျော် အနည်းဆုံး တင်ပို့နေကြောင်း သိရသည်။ ပြည်တွင်း၌
ယင်းဝါးများကို အသုံးပြုပြီး အချောထည် ပြုလုပ်မှုတွင် တစ်နိုင်ငံလုံးရှိ
ဝါးအမျိုးပေါင်း ၂ဝဝကျော် ၃ဝဝ နီးပါးကို အသုံးပြုကာ လူသုံးကုန်
ပစ္စည်းများဖြစ်သော ဖျာ၊ ဦးထုပ်မျိုးစုံ၊ ကုလားထိုင်၊ လွှဲပုခက်များ၊
ဆန်ခါများ၊ ဆန်ကောများ၊ နေအိမ်သုံး ဝါးထရံများ၊ တောင်းများ၊ ခြင်းများ
ကိုပြုလုပ်၍ ရောင်းချကြသည်။ မြန်မာ့ရာသီဥတုနှင့် ကိုက်ညီသော လူ့အသုံးအဆောင်
ဝါးအချောထည် ပစ္စည်းဈေးကွက်မှာ ဝါးဈေး ကြီးမြင့်လာမှုနှင့် အတူ တခြားသော
ခေတ်ပေါ် အသုံးအဆောင်များ အသုံးပြုမှု များလာသောကြောင့် ယခင်ကနှင့်မတူဘဲ
ဈေးကွက်အတွင်း တိမ်မြုပ်ပျောက်ကွယ် မှု မြန်ဆန်လာကြောင်း သိရသည်။
ယခင်၂ဝဝ၄ခုနှစ် ဝန်းကျင်က အိမ်မိုးဝါးကပ် တစ်ရာလျှင်ငွေကျပ် ၃ဝဝဝ ခန့်သာ
ပေးဝယ်ရသော်လည်း ယခုအချိန် အိမ်မိုးဝါးကပ် တစ်ရာလျှင်ငွေကျပ် ၈ဝဝဝ ကျော်အထိ
ပေါက်ဈေး ရှိလာသောကြောင့် ဝါးကပ် အသုံးပြုသော အပူပိုင်း ဒေသများရှိ
ပြည်သူများ အနေဖြင့် ဝါးနုပါက သုံးနှစ်လောက်သာ ခံသောကြောင့် အဆိုပါ
ဝါးကပ်အစား ရာသီဥတုနှင့် မညီညွတ်သော တာရှည်ခံ သွပ်များကိုပြောင်းလဲ
အသုံးပြုမှု များပြားလာကြောင်း သိရသည်။
ယင်းသို့ ဝါးအချောထည်
ပြုလုပ် ရောင်းချ အသက်မွေးသော သူများမှာလည်း ယခင်ကဲ့သို့ ရာသီအလိုက်
လုပ်ကိုင်နေသော ဝါးလုပ်ငန်းများ လျော့ပါးလာသောကြောင့် စားဝတ် နေရေးအတွက်
တခြားသော အလုပ် အကိုင်များသို့ ပြောင်းလဲလုပ်ကိုင် ရသည့်အပြင် အများစုမှာ
မြို့ကြီးများတွင် သွားရောက်လုပ်ကိုင်မှု မြင့်တက်နေကြောင်း သိရသည်။
ထိုဝါးအချောထည် လုပ်ငန်းများမှာ နေရာတိုင်းတွင် မရှိဘဲ ရှေးယခင်က
သားစဉ်မြေးဆက် လုပ်ကိုင်လာသော ဒေသများတွင်သာ ရှိသည်။ မြန်မာနိုင်ငံ၏
ခရီးသွား လုပ်ငန်းများ တိုးချဲ့ရေးနှင့် ဧရာဝတီ လင်းပိုင်များ
ထိန်းသိမ်းရေးတွင် အရေးပါသော ဧရာဝတီလင်းပိုင် ကြည့်ရှုသော နိုင်ငံတကာ
ခရီးသွားလုပ်ငန်းများ အောင်မြင်ရန် ဒေသထွက် အသုံးအဆောင်များ ဖြစ်သော
ဝါးဦးထုပ်ပင် လုပ်ကိုင်မှု နည်းပါးလာသောကြောင့် ခရီးသွားလုပ်ငန်း အတွက်
အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ပညာရှင်
တစ်ဦးက ပြောကြားခဲ့သည်။
မြ၀တီ
No comments:
Post a Comment