အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ် ခရီးစဉ်အဖြစ် ဇန်န၀ါရီ ၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ကလေးမြို့လေဆိပ်သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။
ကလေးမြို့သို့ ရောက်ရှိ လာသော ဒေါ်အောင်ဆန်း စုကြည်အား ကလေးမြို့လေ ဆိပ်မှ
ရှင်းဟုန် ဟိုတယ်သို့ သွားရောက်ရာ လမ်းတစ်လျှောက် လမ်းဘေးဝဲယာမှ ကလေးမြို့၊
ကလေးဝမြို့၊ မော်လိုက်မြို့နှင့် အထက်ချင်းတွင်း ဒေသမှ ဒေသခံများ၊
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များက ကြိုဆိုခဲ့သည်ကြသည်။
“ဒေါ်အောင်ဆန်စုကြည် အနေနဲ့ ကလေးမြို့ကို လာရောက်တာ ဒုတိယအကြိမ်ပါ။
ပထမအကြိမ် တုန်းကတော့ ထိတ်လန့်မှုများစွာနဲ့ ကြိုဆိုခဲ့ရပါတယ်။ အခုတော့
ပွင့်လင်းလွတ်လပ်စွာ ကြိုဆိုခွင့် ရခဲ့ကြပါတယ်။ အမေစုကို ကျွန်တော်တို့
အနေနဲ့ သမ္မတဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ ဒီလိုဖြစ်လာဖို့ အတွက်လည်း
အခြေခံဥပဒေမှာ ပါဝင်တဲ့ ၅၉ (စ) ကို ပြင်ဆင်ဖို့ ကျွန်တော်တို့
ထောက်ခံသွားမှာပါ” ဟု ကလေးမြို့မှ ကိုမိုးက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တည်းခိုရာ
ရှင်းဟုန်ဟိုတယ်တွင် ဒေသခံများအား နှုတ်ဆက်စကား အနည်းငယ် ပြောကြားခဲ့သည်ဟု
သိရသည်။ ထိုသို့ ပြောကြားရာတွင် “ဘာကြောင့် ကျွန်မတို့က ပြည်သူလူထုရဲ့
အင်အားကို လိုလားတယ်။ ဘာဖြစ်လို့ ပြည်သူလူထုက ကျွန်မကို ထောက်ခံစေချင်လဲ
ဆိုတာကို ကျွန်မတို့ ရှင်းပြလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့
အခုဆိုလို့ရှိရင်လည်း ကျွန်မတို့ ပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေ လုပ်ပြီးတော့
ရှင်းပြတာဟာ ကျွန်မတို့အပေါ်ကို ကျွန်မကိုပဲဖြစ်ဖြစ် ကျွန်မပါတီကိုပဲ
ဖြစ်ဖြစ် ထောက်ခံတဲ့အခါ ပြည်သူလူထုက ဘာကြောင့် ထောက်ခံလဲဆိုတာကို
ရှင်းရှင်းလင်းလင်း သိပြီးတော့ ထောက်ခံမှသာ တကယ် တန်ဖိုးရှိမှာပါ။ အဓိပ္ပာယ်
ရှိမှာပါ။ ဘာမသိ ညာမသိဘဲနဲ့ ထောက်ခံမယ် ဆိုလို့ရှိရင် မေတ္တာအရ ထောက်ခံတယ်
ဆိုလို့ရှိရင် ကျေးဇူးတင်ပေမယ့် မေတ္တာအရ နိုင်ငံရေး ပါတီတွေကို ထောက်ခံတာ
မဖြစ်သင့်ပါဘူး။ သေသေချာချာ စဉ်းစားပြီးတော့ နိုင်ငံရဲ့ အကျိုးကို
ရှေးရှုပြီးတော့မှ ထောက်ခံရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ကလည်း ပြည်သူရဲ့
မေတ္တာကို အင်မတန်မှ အလေးထားတာကြောင့်မို့လို့ ဒီမေတ္တာကို အလွဲသုံးစား
မလုပ်ချင်ပါဘူး။ သေသေချာချာ စဉ်းစားပြီးတော့မှ ဘာကြောင့် ကျွန်မတို့
ပြည်သူလူထုရဲ့ မေတ္တာကို ဘာကြောင့် တောင်းခံတယ်။ ကျွန်မတို့ ပြည်သူလူထုရဲ့
အင်အားကို ဘာကြောင့်ကျွန်မတို့ လိုတယ် ဆိုတာကို သေသေချာချာ
ရှင်းပြပြီးတော့မှ ဒီလိုထောက်ခံမှုတွေကို ရယူချင်ပါတယ်” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၇ ရက်တွင် ချင်းပြည်နယ် အတွင်းရှိ
စံသိုက်ကျေးရွာသို့ သွားရောက်ကာ ကျောင်းဖွင့်ပွဲသို့ တက်ရောက်မည်ဖြစ်ပြီး
ထိုမှ တီးတိန်မြို့သို့ သွားရောက်မည် ဖြစ်သည်။ အဆိုပါ တီးတိန်မြို့တွင်
ညအိပ်ရပ်နားမည်ဟု သိရသည်။
ဇန်န၀ါရီ ၆ ရက်က ကလေးမြို့သို့
ရောက်ရှိလာသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ဒေသခံများအား နှုတ်ဆက်စကား ပြောကြားနေစဉ်
Eleven Media Group
No comments:
Post a Comment