သိမ်းဆည်းခံ လယ်ယာမြေများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက တရားမျှတစွာ
ဖြေရှင်း ဆောင်ရွက် မပေးခြင်းကြောင့် မြို့နယ်ပေါင်း ၃၀ ကျော်မှ တောင်သူ
လယ်သမား ၅၀၀ ခန့် ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ဦးဆောင်ဆန္ဒပြသူ ဦးဝင်းချိုက ပြောကြားသည်။
“ဥပဒေကြောင်းအရ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတာကို နည်းဥပဒေအရဆိုပြီး
ကျွန်တော်တို့ ပါးစပ်ကို ခြင်းကျားအုပ်ချင်လို့ မရပါဘူး” ဟု ဆန္ဒပြပွဲကို
ဦးဆောင်သူ မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂမှ ဗိုလ်ကြီးဟောင်း
နေမျိုးဇင်က ပြောကြားသည်။
တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများ
ရင်ဆိုင် ကြုံတွေ့နေရသော မတရား သိမ်းဆည်းခံ လယ်ယာမြေ ပြဿနာများနှင့်
ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြသော လယ်သမားများကို ပိုင်နက်ကျူးလွန်မှု
ပုဒ်မ၄၄၇၊ ပုဒ်မ ၄၄၂ တို့အရ ဖမ်းဆီးထောင်ချ အရေးယူမှု များရှိနေသည်။
ယင်းကို မကျေနပ်၍ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့်
ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်ပေါင်း ၃၀ ကျော်မှ လယ်သမားများက
တရားဥပဒေ နည်းလမ်းအရ ဆန္ဒဖော်ထုတ်ခွင့်ကို ဇန်နဝါရီလ ၁၁ ရက် နေ့တွင်
သက်ဆိုင်ရာ ကျောက်တံတား ရဲစခန်းထံ တင်ပြခဲ့ရာ ခွင့်မပြုကြောင်း ဇန်နဝါရီလ
၁၅ ရက်နေ့ ညနေပိုင်းတွင် သက်ဆိုင်ရာက အကြောင်းပြန်ခဲ့သည်ဟု ၎င်းကဆိုသည်။
ပြည်သူများ အနေနှင့် နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊
အစိုးရ တာဝန်ရှိသူများကို အားမကိုးဘဲ နိုင်ငံသား အခွင့်အရေးအရ
မိမိအခွင့်အရေးကို မိမိတို့ကိုယ်တိုင် တောင်းဆိုတင်ပြခွင့် ရှိကြောင်း
သက်သေပြသည့်ပွဲ ဖြစ်သည်ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ ဦးဝင်းချိုက ဆိုသည်။
ယင်းသို့ ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ ဦးဆောင် ပါဝင်သူ
နှစ်ဦးဖြစ်သော ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် ဦးဝင်းချိုတို့
နှစ်ဦးကို သက်ဆိုင်ရာ ကျောက်တံတား ရဲတပ်ဖွဲ့စခန်းက (ပ)/၁၆/၂၀၁၄
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
The Voice Weekly
No comments:
Post a Comment