မန္တလေး၊ မဇ္ဈိမ။ ။ သမိုင်းဝင် မန္တလေးရွှေကျောင်းတော်ကြီး
ပျက်ဆီးယိုယွင်းမှုဇစ်မြစ်ကို အမေရိကန်ပညာရှင်များက ဖေဖော်ဝါရီ
ပထမပတ်မှစတင် ကာ လေ့လာမှုပြုသွားမည်ဖြစ်ကြောင်း
မန္တလေးတိုင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့်
စာကြည့်တိုက်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီလ ၁၈ရက်က
မဇ္ဈိမကို
ပြောသည်။
"အမေရိကန်ပညာရှင်တွေမှာ ပါလာမယ့် လေဆာစကန်နာနဲ့
ရွှေကျောင်းတစ်ခုလုံးကို ဖတ်ပြီးတော့ ဘယ်အချက်တွေကြောင့်
ပျက်စီးယိုယွင်းရတယ်ဆိုတဲ့ ဇစ်မြစ်တွေကို ရှာပြီး ထိန်းသိမ်းပြုပြင်ရမယ့်
နည်းလမ်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
အဲဒီလေဆာစကန်နာစက်က မြန်မာပြည်မှာ မရှိသေးပါဘူး” ဟု ၄င်းက ပြောသည်။
လေ့လာမှုတွင် ရွှေကျောင်းကြီး၏ ပျက်စီးယိုယွင်းရခြင်းသည်
သက်တမ်းကြာမြင့်ခြင်း၊ သဘာဝအလျောက်ပျက်ဆီးခြင်း၊
အင်းဆက်ပိုးမွှားများကြောင့်ပျက်ဆီးခြင်းနှင့် လူများကြောင့်
ပျက်စီးရခြင်းဖြစ်စေ စသည့်အကြောင်းအချက်များကို ရှာဖွေမည်ဖြစ်သည်။
တွေ့ရှိသည့် အဖြေများအရ ပြုပြင်ထိန်းသိမ်းမှုများကို လိုအပ်သလို
ဆောင်ရွက်သွားမည်ဟု သိရသည်။
ထို့အပြင် ရွှေကျောင်းကြီး
မီးဘေးကာကွယ်ရေးအတွက်လည်း ဖေဖော်ဝါရီလတွင် အမေရိကန်နှင့်
အခြားပြည်ပနိုင်ငံများက ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့်
အဖွဲ့လာရောက်မည်ဖြစ်သည်။
လက်ရှိတွင် ရွှေကျောင်းကြီးတစ်ခုလုံး၏
မူလပုံစံအနေအထားများကို ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးခြင်းနှင့် Hand
Drawing ဖြင့် မှတ်တမ်းယူခြင်းများကို ရှေးဟောင်းယဉ်ကျေးမှုဦးစီးဌာန (DOA)
မှ ပညာရှင်များနှင့်အတူ မန္တလေးမြို့မှမြန်မာမှုပညာရှင် တမ္မဝတီ
ဦးဝင်းမောင်နှင့် အဖွဲ့ ပါဝင်ကြောင်း သိရသည်။
မန္တလေးရွှေကျောင်းကြီးကို ပြုပြင်ထိန်းသိမ်းရန်အတွက် အမေရိကန်နိုင်ငံ၏
Ambassadors Fund for the Cultural Preservation မှ ဒေါ်လာငါးသိန်းခန့်
ထောက်ပံ့ပေးမည်ဖြစ်သည်။ ထိုသို့ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်
အမေရိကန်နိုင်ငံမှ ငွေကြေးအပြင် နည်းပညာများကို
ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က
အဆိုပါရွှေကျောင်းကြီးပြုပြင်ရန်အတွက် လာရောက်လေ့လာသော အမေရိကန်သံအမတ်
ဒဲရစ်မစ်ချယ်ကပြောကြားခဲ့သည်။
မန္တလေးရွှေကျောင်းသည်
နှစ်ပေါင်းသက်တမ်း ၁၃၀ ကျော်ရှိပြီဖြစ်ပြီး ကုန်းဘောင်ခေတ်၁၉ ရာစုခန့်က
မြန်မာမှုအနုပညာ ဗိသုကာလက်ရာ စံပြုကျောင်းကြီးတစ်ကျောင်းဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment