မယူမနေရပင်စင်ပြစ်ဒဏ်ချမှတ်ခံရခြင်းအပေါ် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်ကျင်ဌေးမှ ရှင်းလင်းပြောကြားနေစဉ်
ရန်ကုန်အဝေးသင်တက္ကသိုလ် စီးပွားရေးပညာဌာနတွင် တာဝန်ထမ်းဆောင်နေသည့်
ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်ကျင်ဌေးအား ပညာရေးဝန်ကြီးဌာနက
ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းမရှိဘဲ
မယူမနေရပင်စင်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါက်တာဒေါ်ကျင်ဌေးက ၂၀၁၄
ခုနှစ် ဇန်န၀ါရီ ၁၁ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊
ကျောက်တံတားမြို့နယ်ရှိ (Myanmar Journalist Network) ရုံးခန်း၌ ရှင်းလင်း
ပြောကြားခဲ့သည်။
အဆိုပါပညာရေးဝန်ကြီးဌာန၏ နိုင်ငံ့ဝန်ထမ်းလုပ်သက်
(၃၅)နှစ်ကျော်၊ ပညာရေးဝန်ထမ်းလုပ်သက် ၃၃ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး
ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာနတွင် ဌာနမှူးအဖြစ်
တာဝန်ထမ်းဆောင်ပြီး သုံးလအကြာတွင် ပြစ်မှုတစ်စုံတစ်ရာ
ကျူးလွန်ထားခြင်းမရှိဘဲ ဌာနဆိုင်ရာမှ စုံစမ်းစစ်ဆေးခြင်းမရှိကာ
မယူမနေရပင်စင်ပြစ်ဒဏ်အား နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ် မတ်လ ၂၉
ရက်စွဲပါ စာအမှတ်- ၁၁၈(၃)၊ ၈၊ သမ္မတရုံးအရ နိုင်ငံဝန်ထမ်း ဥပဒေပုဒ်မ ၄၁ ပါ
ပြဋ္ဌာန်းချက်နှင့်အတူ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက ၂၀၁၃ ခုနှစ်
မတ်လ ၂၉ ရက်မှ စတင်ကာ မယူမနေရပင်စင်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ပညာရေးဝန်ကြီးဌာနကနေ မယူမနေရပင်စင်ပြစ်ဒဏ်ကို ချမှတ်တဲ့အခါ
စုံစမ်းစစ်ဆေးခြင်းမရှိတဲ့အတွက် ကျွန်မအနေနဲ့ ကိုယ်ရဲ့ပြစ်ချက်ကို
ဘာမှန်းဆိုတာတောင်ကို မသိရပါဘူး၊ ကျွန်မအပါအ၀င် မိသားစုဝင်အားလုံး
ဂုဏ်သိက္ခာကျဆင်းခဲ့ရပါတယ် ပြန်လည်ကုစားပေးဖို့ကိုလည်း
နိုင်ငံတော်သမ္မတအပါအ၀င် . . .
သို့ဖြစ်ရာ ယခုကဲ့သို့
မယူမနေရပင်စင်ပေးခဲ့ခြင်းအား ပြန်လည်ကုစားမှုပြုပေးနိုင်ရန် ၂၀၁၃ ခုနှစ်
အတွင်း နိုင်ငံတော်သမ္မတထံ အယူခံလွှာတင်သွင်းခြင်း၊
ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌထံ မယူမနေရပင်စင်ပေးသည့် အမိန့်ကြော်ငြာစာအား
ဥပဒေနှင့်အညီ စိစစ်ဆုံးဖြတ်ပေးရန်တင်ပြခြင်း၊
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ထံနစ်နာခဲ့ရသည်အား
တင်ပြခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိသောကြောင့် တရားမျှတစွာ
စုံစမ်းစစ်ဆေးပြီး ပြန်လည်ကုစားပေးနိုင်ရေးအတွက် ရှင်းလင်းတင်ပြရခြင်း
ဖြစ်ကြောင်း ကာယကံရှင်က ရှင်းလင်းပြောပြခဲ့သည်။
“ပညာရေးဝန်ကြီးဌာန၏ နိုင်ငံဝန်ထမ်း လုပ်သက်(၃၅)နှစ်ကျော်၊ ပညာရေးဝန်ထမ်း
လုပ်သက် ၃၃ နှစ်ကျော် ပြစ်ချက်တစ်စုံတစ်ရာမရှိဘဲ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက်
ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို နစ်နာစေတဲ့ အဆိုပါအမိန့်ကို
ပြန်လည် ပယ်ဖျက်ပေးစေလိုပါတယ်၊ ပညာရေးဝန်ကြီးဌာနကနေ တာဝန်ရှိသူ အဆင့်ဆင့်က
ပုဂ္ဂိုလ်ရေးအာဃာတဖြင့် အပြစ်ဒဏ်ချမှတ်ခဲ့တဲ့အတွက် ရာထူးသို့
ပြန်လည်ခန့်အပ်တဲ့ ကုစားခွင့်ပေးစေလိုပါတယ်။ ပညာရေးဝန်ကြီးဌာနကနေ
မယူမနေရပင်စင်ပြစ်ဒဏ်ကို ချမှတ်တဲ့အခါ စုံစမ်းစစ်ဆေးခြင်းမရှိတဲ့အတွက်
ကျွန်မအနေနဲ့ ကိုယ်ရဲ့ပြစ်ချက်ကို ဘာမှန်းဆိုတာတောင်ကိုမသိရပါဘူး၊
ကျွန်မအပါအ၀င် မိသားစုဝင်အားလုံး ဂုဏ်သိက္ခာကျဆင်းခဲ့ရပါတယ်၊
ပြန်လည်ကုစားပေးဖို့ကိုလည်း နိုင်ငံတော်သမ္မတအပါအ၀င် သက်ဆိုင်ရာဌာနတွေကို
တင်ပြခဲ့ပင်သော်လည်း ယခုအချိန်အထိ ပြန်လည်အကြောင်းကြားခြင်းမရှိတဲ့အတွက်
နစ်နာမြဲနစ်နာနေရပါတယ်” ဟု ရန်ကုန်အဝေးသင်တက္ကသိုလ် စီးပွားရေးပညာဌာန
ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်ကျင်ဌေးက ရှင်းလင်းပြောပြခဲ့သည်။
အဆိုပါ ပါမောက္ခ(ဌာနမှူး)အနေဖြင့် ပညာရေးတာဝန်များ ထမ်းဆောင်နေစဉ်
ပြစ်မှုများ ထင်ရှားသောကြောင့် ဌာနဆိုင်ရာမှ စုံစမ်းစစ်ဆေးမှု
ဆောင်ရွက်ခြင်းမပြုခဲ့ကြောင်း၊ ပညာရေးဆိုင်ရာလုပ်ငန်းများတွင် မည်သို့မျှ
လက်တွဲဆောင်ရွက်မှုမရှိဘဲ အထက်အရာရှိများနှင့်သော် လည်းကောင်း၊
လုပ်ဖော်ကိုင်ဖက် ၀န်ထမ်းများနှင့်သော်လည်းကောင်း၊
သင်ကြားပို့ချနေသောကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်များပူးတွဲ
ဆောင်ရွက်စဉ် ပြဿနာများဖြစ်ပွားစေရန် အကြိမ်ကြိမ်ဆောင်ရွက်ခဲ့သည်ကို
စိစစ်တွေ့ရှိရသောကြောင့် ကျူးလွန်သည့် ပြစ်ဒဏ်များသည်
ထင်ရှားပေါ်လွင်မှုရှိသောကြောင့် နိုင်ငံဝန်ထမ်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ
ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်
မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်၏ ကြယ်ပွင့်မပြ
မေးခွန်းအပေါ် ပြည်သူ့လွှတ်တော်ဌာန ပညာရေးဝန်ကြီးဌာန ဒေါက်တာမြအေးက
ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ ပါမောက္ခ(ဌာနမှူး)အနေဖြင့် ၁၉၈၀
ခုနှစ်မှစတင်ကာ နည်းပြရာထူးမှ တွဲဖက်ပါမောက္ခအဆင့်အထိ
ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၀၇ ခုနှစ်မှ စတင်ကာ ရန်ကုန်အဝေးသင်တက္ကသိုလ် စီးပွားရေးပညာဌာနတွင်
ပါမောက္ခရာထူးတိုးမြှင့်ခြင်းခံရပြီး ပါမောက္ခရာထူးကို ငါးနှစ် လေးလကြာ
ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် ပါမောက္ခ(ဌာနမှူး)အဖြစ်
တာဝန်ထမ်းဆောင်ပြီး သုံးလအကြာတွင် မယူမနေရပင်စင် ပြစ်ဒဏ်အား
ချမှတ်ခြင်းခံခဲ့ရကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment