နိုင်ငံတကာက လာရောက် ကုသမှုများ
ပြုလုပ်ပေးလျက်ရှိသော ရန်ကုန်နား၊
နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီးတွင် ဗြိတိန်နိုင်ငံက
Dr.Robin
Youngs နှင့် ပါမောက္ခ Nicholas Stafford
ဦးဆောင်သော နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ကိုးဦးက ၂၀၁၄ ခုနှစ်
ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ အခမဲ့ လာရောက် ကုသမှုများ
ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ အထူးကု ဆေးရုံကြီးထံမှ
စုံစမ်းသိရှိရသည်။
“သူတို့က နည်းပညာပိုင်း ဆိုင်ရာကို အခမဲ့ လာရောက်
ကုသပေးမှာပါ။ ပစ္စည်း ကိရိယာပိုင်းအတွက် မပါပါဘူး။ သူတို့နဲ့ ကုချင်တဲ့
လူတွေက အခုကစပြီး ဒီမှာ လာပြလို့ ရပါပြီ” ဟု ယင်းဆရာဝန်များ လာရောက်မည့်
အစီအစဉ်ကို တာဝန်ယူ ဆောင်ရွက်ရသည့် ဆရာဝန်က ဆိုသည်။
သို့ဖြစ်ရာ
အမှန်တကယ် ခွဲစိတ်ကုသရန် လိုအပ်သည့် လူနာများကို ယခု ဇန်နဝါရီလမှ
ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆေးရုံကြီးရှိ
ဆရာဝန်များက နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပဏာမ စစ်ဆေးခြင်းများ
ပြုလုပ်သွားမည် ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် အဆိုပါ ဆရာဝန်ကိုးဦးက
ပြန်လည် စိစစ်ရွေးချယ်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ထို့ပြင် ဗြိတိန်ဆရာဝန် ကိုးဦးသည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃
ရက်အထိ မန္တလေးတိုင်းဒေသကြီးတွင် ပြုလုပ်မည့် (၂၂) ကြိမ်မြောက် နား၊
နှာခေါင်း၊ လည်ချောင်း ဆရာဝန်များ ညီလာခံတွင် စာတမ်းဖတ်ကြားမည်ဖြစ်ရာ
၎င်းတို့၏ နည်းပညာရပ်များကို ဖလှယ်သွားရန် ရှိကြောင်း ယင်းအထူးကု ဆေးရုံကြီး၏
ထုတ်ပြန်ချက်အရ သိရသည်။
ထို ဗြိတိန်ဆရာဝန်များသည် ၂၀၀၃ ခုနှစ်မှ
၂၀၁၃ ခုနှစ်အတွင်း ရန်ကုန် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆေးရုံကြီး၌
ခုနစ်ကြိမ် လာရောက် ကုသပေးပြီ ဖြစ်သည့်အပြင် ယင်းဆေးရုံနှင့်
ဗြိတိန်နိုင်ငံ သာမက ဂျာမနီ၊ ထိုင်း အစရှိသည့် နိုင်ငံတကာ နား၊ နှာခေါင်း၊
လည်ချောင်း ဆရာဝန်များက အခမဲ့ လာရောက် ကုသမှုများ ပြုလုပ်ပေးလျက် ရှိသည်။
The Voice Weekly
No comments:
Post a Comment