Pages

28.1.14

စမ်းချောင်းကျွန်းလယ်မှ သမ၀ါယမအသင်းသားများ (၃)ကြိမ်မြောက် ဆန္ဒထုတ်ဖော်

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် စမ်းမြောက်ရပ်ကွက် စမ်းချောင်းလမ်းနှင့် ပန်းခြံလမ်းထောင့်ရှိ သမ၀ါယမဦးစီးဌာန အရှေ့၌ ဇန်န၀ါရီ(၂၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီခန့်တွင် သမ၀ါယမအသင်းသားများမှ ဆန္ဒထုတ်ဖော်မှုတစ်ရပ် ပြုလုပ်ခဲ့ ကြသည်။


အဆိုပါ ဆန္ဒထုတ်ဖော်မှုမှာ စမ်းချောင်းမြို့နယ် ကျွန်းလယ်ရပ်ကွက် ကျွန်းတောလမ်းနှင့် မဟာမြိုင် လမ်းထောင့်ရှိ သမ၀ါယမပိုင် အဆောက်အဦအား အသင်းသားများ၏ ဆန္ဒမပါရှိဘဲ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုမှ ကန်ထရိုက်တိုက်ဆောက်လုပ်မှုကို မကျေနပ်၍ အသင်းသားများမှ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု ဆန္ဒထုတ်ဖော်သူတို့က ဆိုသည်။

“အသင်းပိုင်အဆောက်အဦးကို အလွဲသုံးစားအလုပ်ခံလိုက်ရတာပါ။ ၂၀၀၂ ခုနှစ်ကစပြီး သမဥက္ကဌက ညီဖြစ်တဲ့ သူကို ကန်ထရိုက် ပေးဆောက်ခဲ့တာပါ။ အဲဒီအချိန်ထဲကနေပြီးတော့ ကျွန်တော်တို့ ကန့်ကွက်ခဲ့တယ်။ အဲဒါကို မသိကျိုးကျွံပြုပြီးတော့ သမဦးစီးတွေက စာချုပ်ချုပ်ပြီး ဆောက်လုပ်သွားခြင်း ဖြစ်တယ်။ ဒီနေ့အချိန်ထိ အခန်းအပေးအယူဘယ်လောက်ရတယ်ဆိုတာ မသိရှိရပါဘူး။ ၀န်ကြီးကိုယ်တိုင် အောက်ခြေကို ဆင်းကြည့်ဖို့ လိုတယ်။ ဒီလိုမျိုး ပြဿနာတွေရှိနေတဲ့အချိန်မှာ ဒီလိုမျိုးလူမျိုး တွေရှိနေလို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်။” ဟု ဆန္ဒထုဖော်ရာတွင်ဦးဆောင်သူ သမအသင်းသား ကိုတင်ထက်ကိုက ပြောသည်။

အဆိုပါ သမ၀ါယမပိုင်အဆောက်အဦအား ကန်ထရိုက်တိုက်ဆောက်လုပ်ခြင်းကို မကျေနပ်၍ အသင်းသားများ မှ နှစ်ကြိမ် တိုင်တိုင် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့သော်လည်း သမ၀ါယမဦးစီးဌာနမှဖြေရှင်းပေးမှုမရှိသောကြောင့် (၃)ကြိမ်မြောက်အဖြစ် စမ်းချောင်းမြို့နယ်သမ၀ါယမဦးစီးဌာနရှေ့တွင် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့လုပ်ခြင်တဲ့ သဘောတရားက အများပိုင်ပစ္စည်းတွေအကုန်လုံးက အဖျက်ဆီးခံနေရတယ်။ စမ်းချောင်းမြို့နယ်မှာ သမ၀ါယမအနေနဲ့ ပြစရာက နည်းလာပြီ။ သမ၀ါယမရဲ့ လုပ်ငန်းစဉ်တွေက ကန်ထရိုက် တိုက်ဆောက်ရမယ့် လုပ်ငန်းတွေလား။ အဲ့လို လုပ်ငန်းတွေကြည်ပြန်တော့လည်း ၃/၂၀၀၉နဲ့ ညွှန်ကြားလွှာ အမှတ်မှာ အကျိုးတူပူးပေါင်းဆောင်ရွက်ခွင့် မရှိဘူးလို့ သိရ တယ်။ ဒုတိုင်းမှူးနဲ့တွေတော့ ၉၂ ဥပဒေကို ဘာလို့ ဂရုမစိုက်တာလဲ။ ဘာလို့မလုပ်ဘူးလဲ မေးတော့ အရင်ခေတ်က ဥပဒေကို ညွှန်ကြားချက်က လွှမ်းမိုးပါတယ်လို့ ပြောသွားတယ်။” ဟု ၎င်းက ဆက်ပြောသည်။

သမ၀ါယမအသင်းသားများအနေဖြင့် ဆန္ဒထုတ်ဖော်ရာတွင် (၃)ကြိမ်မြောက်ဖြစ်ပြီး စီတန်းလှည့်လည်ခွင့် နည်းဥပဒေ မထွက်မီ အချိန်က တစ်ကြိမ် နည်းဥပဒေထွက်ရှိပြီးချိန်တွင် (၂)ကြိမ်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကာ (၂)ကြိမ်မှာ ခွင့်ပြုမိန့်ဖြင့် ဆန္ဒထုတ်ဖော် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သမ၀ါယမပိုင်အဆောက်အဦတွင် ကန်ထရိုက်တိုက်ဆောက်လုပ်မှုကို ယခင် တပ်မတော်အစိုးရ လက်ထက်တွင် ကန့်ကွက်စာတင်ခဲ့သောကြောင့် ဆောက်လုပ်မှု(၈)လခန့် ရပ်တန့်သွားခဲ့သော်လည်း အစိုးရအသစ်အကူးအပြောင်းတွင် ဆောက် လုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကန်ထရိုက်တိုက် (၂)လုံး ဆောက်လုပ်မှုမှာ အချိန်(၆)လခန့်သာ ကြာမြင့်ခဲ့ကြောင်း ဆန္ဒထုတ်ဖော် သူများထံက သိရှိရသည်။

“ကျွန်တော်တို့ တရားဝင်ခွင့်ပြုမိန့်နဲ့ ဆန္ဒဖော်ထုတ်သွားမှာပဲ ဖြစ်ပါတယ်။ ရပ်မိ ရပ်ဖများ မိဘပြည်သူများအတွက် ကုန်ပစ္စည်း များ ဆန် ဆီ ဆား စားသောက်ကုန်ဖြန့်ဖြူးခဲ့တဲ့ မြေနေရာ အမှတ်(၇၀/၇၂) ကျွန်းတော လမ်းနဲ့ မဟာမြိုင်လမ်းထောင့်မှာရှိတဲ့ မြေကွက်ကို ၀ယ်ယူပြီးတော့မှ အဆောက်အဦ ဆောက်လုပ်တာကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်ရတာပါ။ ဒီနေ့အချိန်အထိ ကျွန်တော်တို့ပြည်သူတွေဟာ ဘာမှ မသိရဘူး။” ဟု ကျွန်းလယ်သမရောင်းဝယ်ရေးမှ သမ အသင်းသား ဦးနေမျိုးအောင်ကိုကို က ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုမှာ နံနက်(၁၁း၀၀)နာရီခန့်တွင် ပြီးဆုံးခဲ့ပြီး ဆန္ဒထုတ်ဖော်သူများမှ သမ၀ါယမဦးစီး ဌာနမှ သမ၀ါယမ ၀န်ကြီးကိုယ်တိုင် အောက်ခြေသို့ ဆင်းကြည့်ရန်လိုလားလျက်ရှိသည်ဟု ဆန္ဒထုတ်ဖော်သူတို့က ဆိုသည်။

ဆန္ဒထုတ်ဖော်သူများအနေဖြင့် ၂/၂၀၀၉ ညွှန်ကြားလွှာအရ ငွေစာရင်း လွဲမှား အလွဲသုံးစားပြုလုပ်သူများအား အရေးယူပေး၊ အဆောက်အဦးသည် ကျွန်းလယ်ရပ်ကွက် သမအသင်းသားများပိုင်သည့် အဆောက်အဦ ဖြစ်သည့်အတွက် ကျူးကျော်ခြင်း မပြုရအစရှိသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး လူဦးရေ (၁၅)ဦးခန့်ပါဝင်ကာ အဆိုပါတိုက်၌ လူနေထိုင်ခွင့်ကို ဆန္ဒထုတ်ဖော်သူတို့မှ ကန့်ကွက်ထားကြောင်း သိရှိရသည်။

Myit Ma Kha Media Group

No comments:

Post a Comment