Pages

3.1.14

ရန်ကုန်တိုင်းဒေသကြီး၌ ကားခိုးခံရမှု နှစ်ဆမြင့်တက်လာ


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ကားခိုးမှုဖြစ်စဉ်မှာ သုံးနှစ်တာကာလ၌ နှစ်ဆမြင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်အများစုမှာ သုံးနှစ်တာကာလအတွင်း လျော့ကျခဲ့သော်လည်း ကားခိုးခံရမှုဖြစ်စဉ်၊ ဆိုင်ကယ်ခိုးခံရမှု၊ မုဒိမ်းမှုဖြစ်စဉ်နှင့် ယာဉ်တိုက်မှုဖြစ်စဉ်များမှာ ဆက်လက်မြင့်တက်နေကြောင်း သိရသည်။



ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားခိုးခံရမှုဖြစ်စဉ်ကို ၂၀၁၁ ခုနှစ်တွင် ၂၂ မှု၊ ၂၀၁၂ ခုနှစ်တွင် ၂၀ မှုနှင့် ၂၀၁၃ ခုနှစ်တွင် ၄၈ မှု၊ ဆိုင်ကယ်ခိုးခံရမှုဖြစ်စဉ်ကို ၂၀၁၁ ခုနှစ်တွင် ၃၉ မှု၊ ၂၀၁၂ ခုနှစ်တွင် ၃၅ မှုနှင့် ၂၀၁၃ ခုနှစ်တွင် ၅၂ မှု၊ မုဒိမ်းမှုဖြစ်စဉ်ကို ၂၀၁၁ ခုနှစ်တွင် ၁၄၅ မှု၊ ၂၀၁၂ ခုနှစ်တွင် ၁၃၅ မှုနှင့် ၂၀၁၃ ခုနှစ်တွင် ၁၅၂ မှု၊ ယာဉ်တိုက်မှုဖြစ်စဉ်ကို ၂၀၁၁ ခုနှစ်တွင် ၁၆၅၂ မှု၊ ၂၀၁၂ ခုနှစ်တွင် ၁၈၀၃ မှုနှင့် ၂၀၁၃ ခုနှစ်တွင် ၂၅၃၂ မှုတို့ ဖြစ်ပွားခဲ့သည်။

၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အတွင်း နှိုင်းယှဉ်ပါက ရန်ကုန်တိုင်းဒေသကြီး၌ ပြန်ပေးမှု၊ နိုင်ငံတော်သစ္စာဖောက်မှု၊ လက်နက်မှု၂ (၁)(က)/၁၉-က မှုခင်းဖြစ်စဉ်တို့မှာ တစ်ခုမှ မဖြစ်ပွားခဲ့သော်လည်း ဖောက်ထွင်းမှု၊ ဓားပြမှု၊ ခိုးမှု ၆(၁)၊ ခိုးမှု(၃၈၂)စသည့် မှုခင်းဖြစ်စဉ်များမှာ ဖြစ်ပွားမှုနှုန်းမြင့်တက်ခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း ကားခိုးခံရသည့် ဖြစ်စဉ်တစ်ခုမှာ နိုဝင်ဘာ ၁၄ ရက် နေ့လယ် ၂နာရီတွင် တာမွေမြို့နယ်နေသူ ဦး........သည် မလေးရှားနိုင်ငံမှပြန်လာမည့် ဇနီးဖြစ်သူအားကြိုရန် ၎င်းပိုင် Balta ခဲရောင်ကားဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပြီး ကားအား ရန်ကုန်လေဆိပ်ပြည်ပဆိုက်ရောက် ကားပါကင် ၂ အတွင်း ရှိ ညောင်ပင်အောက်တွင် ရပ်နားခဲ့ပြီ ဇနီးဖြစ်သူအားကြို၍ ကားရှိရာသို့ ပြန်လာစဉ် ကားမှာမရှိတော့ဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

ယင်းကဲ့သို့ကားခိုးခံရသည့် ဖြစ်စဉ်အများစုမှ ခိုးယူသွားသူကို ဖမ်းဆီးရမိရန် စုံစမ်းနေဆဲအဆင့်သာရှိနေပြီး အခိုးခံရသည့် ကားအများစုမှာကျပ်သိန်း ၁၂၀၀ ၀န်းကျင် ကိုယ်ပိုင်ယာဉ်အများဆုံးဖြစ်ကြောင်း သိရသည်။

' အခုကားတစ်စီးကို သော့အတုနဲ့ ငါးစက္ကန့်အတွင်းမှာလဲ ခိုးယူနေတဲ့သော့ ၀ိဇ္ဇာတွေရှိတယ်။ ဒါကြောင့် ယာဉ်ပိုင်ရှင်တွေအနေနဲ့ ကိုယ့်ရဲ့ယာဉ်ကို ပေါ့ဆစွာမထားသင့်ပါဘူး။ နည်းပညာအထောက်အကူပြုပစ္စည်းတွေကို တပ်ဆင်ထားသင့်တယ်။ အခုရှော့ပင်းစင်တာတွေနဲ့ အခြားနေရာတွေမှာ စီစီတီဗီတွေ တပ်ဆင်ထားတယ်ဆိုပေမဲ့လည်း ထိရောက်မှုမရှိဘူး။ ဖော်ထုတ်ဖမ်းဆီးတဲ့အခါမှာလည်း ကားခိုးသွားတဲ့သူက ဘယ်လမ်းကြောင်းကနေ မောင်းသွားတယ်ဆိုတာ ချိတ်ဆက် ဖမ်းဆီးမှုတွေမှာ အားနည်းမှုတွေရှိနေပါတယ်" ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment